The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဒီကလန်ရိုက်စ်ရဲ့အခြေအနေကို အသိပေးလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ကြာသပတေးနေ့နံနက်က ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ပြီး လူစားလဲခဲ့ရတဲ့ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဒီကလန်ရိုက်စ်ရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 

ဒီကလန်ရိုက်စ်ဟာ ယခုပွဲစဉ်ရဲ့ ပွဲကစားချိန်နှောင်းပိုင်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသင်းဖော်တိုက်စစ်မှူး ဗစ်တာယော်ကရက်စ်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဒူးခေါင်းဒဏ်ရာရရှိသွားခဲ့ပုံပေါ်တာကြောင့် အာဆင်နယ်ပရိသတ်တွေအကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့လည်း သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ အာဆင်နယ်နောက်ခံလူ ခရစ်သီယန်မော်စ်ကွီယာက ပထမပိုင်းမှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ စပိန်နောက်ခံလူဟာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့တာဖြစ်ပေမယ့် ကွင်းအပြင်ကိုတော့ လမ်းလျှောက်ပြီးထွက်ခွာနိုင်ခဲ့တာကြောင့် ပြင်းထန်မှုမရှိဘူးလို့ယူဆရပါတယ်။ 

အာဆင်နယ်အနေနဲ့ ဘရန့်ဖို့ဒ်ကိုသက်တောင့်သက်သာအနိုင်ရခဲ့ပေမယ့် အဓိကကွင်းလယ်လူဒီကလန်ရိုက်စ်ဒဏ်ရာရသွားတာကြောင့် ပရီးမီးယားလိဂ်ဆုဖလားကိုဆွတ်ခူးနိုင်ရေးအတွက် ကြီးမားတဲ့ထိုးနှက်ချက်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို အာဆင်နယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်၊ ကိုင်ဟားဗက်ဇ်နဲ့ လီအန်ဒရိုထရော့ဆက်တို့ကလည်း ဒဏ်ရာတွေကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။ 

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်စ်ကွီယာ၊ ဒီကလန်ရိုက်စ်တို့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အာတီတာက "သူတို့အခြေအနေကို မနက်ဖြန်ကျမှ သေချာသိရမှာပါ။ စစ်ဆေးမှုတွေပြုလုပ်သွားဖို့တော့ လိုပါလိမ့်မယ်။ ဒီကလန်ရိုက်စ်က ဆက်မကစားနိုင်လို့ လူစားလဲခဲ့ရတာပါ။ နောက်ပွဲမှာ ဘယ်သူတွေကစားနိုင်မလဲ စောင့်ကြည့်ရမှာပေါ့" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်အတွက်ဂိုးတွေကို ကွင်းလယ်လူ မီခေးလ်မာရီနိုနဲ့ တောင်ပံကစားသမား ဘူကာယိုဆာကာတို့က သွင်းယူပေးခဲ့ကြပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ဦးဆောင်နိုင်စေခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ အာဆင်နယ်ဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။