အာဆင်နယ်အတွက် ၁၅ ကြိမ်မြောက် အက်ဖ်အေဖလားရယူပေးဖို့ အာရုံစိုက်ထားကြောင်း ပြောကြားလာတဲ့ မာရီနို
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ပို့စ်မောက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မာရီနိုက ဒီရာသီမှာ အသင်းအတွက် ၁၅ ကြိမ်မြောက်အက်ဖ်အေဖလားအောင်မြင်မှုကို ဆွတ်ခူးပေးနိုင်ဖို့ အာရုံစိုက်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ တောင်ပံကစားသမား ဂါဘရီရယ်မာတင်နယ်လီက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ပို့စ်မောက်ကစားသမား အန်ဒရီဒေါ့ဇဲလ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာကြောင့် အာဆင်နယ်အနေနဲ့ ၄-၁ ဆိုတဲ့ရလဒ်ကိုသက်တောင့်သက်သာပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ အက်ဖ်အေဖလားကို ၁၄ ကြိမ်အထိဆွတ်ခူးထားတဲ့ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၁၅ ကြိမ်မြောက်အက်ဖ်အေဖလားအတွက်လည်း အခြေအနေကောင်းနေပါတယ်။
ပွဲအပြီးမှာ မာရီနိုက "အသင်းအတွက် ၁၅ ကြိမ်မြောက်အက်ဖ်အေဖလားကိုဆွတ်ခူးပေးနိုင်မယ်ဆိုရင် အိပ်မက်တစ်ခုလို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ်။ အခုလောလောဆယ်မှာတော့ လာမယ့်ပွဲစဉ်တွေအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြီးမားတဲ့ရည်မှန်းချက်တွေ ရှိနေရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဆာလောင်စိတ်ကို လေ့ကျင့်ရေးကွင်းမှာ အချိန်တိုင်းမြင်တွေ့နိုင်ပါတယ်။ ဒါက ရာသီကုန်အထိ ရှိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်နဲ့ပတ်သက်ပြီး မာရီနိုက "ကျွန်တော်တို့ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ကစားသမားတွေအနေနဲ့ ဘယ်ချိန်မှာ ကိုယ်ကပွဲထွက်ရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အတွက် ကိုယ့်အလုပ်အပေါ်အကောင်းဆုံး အာရုံစိုက်ထားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။