The network connection is lost.

Banner Image

အာဆင်နယ်လူငယ်ကြယ်ပွင့် နွာနီရီဟာ အလွန်အလားအလာကောင်းတဲ့လူငယ်ဖြစ်တယ်လို့ ဒီဇာဘီချီးကျူး

ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မာဆေးလ်ဟာ အာဆင်နယ်လူငယ်တိုက်စစ်ကြယ်ပွင့် အီသန်နွာနီရီကို အငှားစာချုပ်နဲ့ခေါ်ယူခဲ့ပြီးနောက် အသင်းနည်းပြ ရော်ဘတ်တိုဒီဇာဘီက နွာနီရီဟာ အလွန်အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးလာခဲ့ပါတယ်။ 

အသက်-၁၈ နှစ်အရွယ်သာရှိသေးတဲ့ နွာနီရီဟာ ဖီယင်နုကွင်းလယ်လူ ကွင်တန်တင်းဘားနဲ့အတူ ပြီးခဲ့တဲ့ကြာသပတေးနေ့က မာဆေးလ်သို့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုလို နွာနီရီရဲ့ ခရီးစဉ်ဟာ လက်ရှိအာဆင်နယ်နောက်ခံကြယ်ပွင့် ဝီလီယံဆာလီဘာရဲ့ လမ်းစဉ်အတိုင်းဖြစ်ပြီး ဆာလီဘာဟာလည်း အာဆင်နယ်မှာနေရာမရခင် မာဆေးလ်သို့အငှားသွားရောက်ကစားကာ ခြေစွမ်းတိုးတက်လာအောင်ပျိုးထောင်ခဲ့ရပါတယ်။

ယခုအခါမှာ ဒီဇာဘီက "တင်းဘားနဲ့ နွာနီရီတို့က တကယ်ကို ကြံ့ခိုင်မှုအားတောင့်တင်းတဲ့ကစားသမား ၂ ယောက်ဖြစ်ကြပြီး သူတို့ကို အသင်းမှာရလိုက်တဲ့အတွက် တကယ်ပဲဝမ်းသာမိပါတယ်။ လာမယ့်စနေနေ့ပွဲစဉ်မှာကတည်းက သူတို့က အသင်းမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေနိုင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အရည်အသွေးရှိတဲ့ ကစားသမားတွေပါ။ တင်းဘားမှာ အတွေ့အကြုံရှိသလို၊ နွာနီရီမှာတော့ ပါရမီရှိပါတယ်၊ သူဟာ အလားအလာ အလွန်ကောင်းတဲ့ ကစားသမားပါ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။ 

အင်္ဂလန်ယူ-၂၁ လက်ရွေးစင် နွာနီရီဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘုန်းမောက်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် မားဆေးလ်သို့ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ မာဆေးလ်ဟာ သူ့ရဲ့တိုးတက်မှုအတွက် အကောင်းဆုံးနေရာဖြစ်တယ်လို့ ယူဆထားတယ်လို့လည်းသိရပါတယ်။ 

အာဆင်နယ်အနေနဲ့လည်း နွာနီရီရဲ့တိုးတက်မှုအတွက် ဒီဇာဘီလက်အောက်မှာထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး နည်းပြ မီခေးလ်အာတီတာအနေနဲ့လည်း နွာနီရီတစ်ယောက်ပြင်သစ်မြေမှာ နေရာရဖို့အတွက် ဒီဇာဘီနဲ့ အထူးတလည်ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။