
ယူနိုက်တက်က အန်ဖီးလ်မှာ လီဗာပူးကိုအနိုင်ရပြီးနောက် ချန်ပီယံဆုနဲ့ပတ်သက်ပြီး အာစင်ဝင်းဂါး မှတ်ချက်ပြု
အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးက လက်ရှိအာဆင်နယ်အသင်းဟာ လီဗာပူးထက် ပိုပြီးပြည့်စုံတဲ့လူအင်အားရှိနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ ထောက်ခံလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နွေရာသီတစ်လျှောက်ပေါင်သန်း ၄၀၀ အသုံးပြုထားခဲ့တာဖြစ်ပြီး ဝီရက်ဇ် နဲ့ အီဆက်တို့ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားနိုင်ခဲ့ပါတယ်။
သုံးသပ်သူတွေကတော့ လီဗာပူးအသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်မှုတွေကို သဘောကျနေပြီး နောက်တစ်ကြိမ်ချန်ပီယံဖြစ်နိုင်တယ်လို့ ထင်မြင်နေကြပါတယ်။ စလော့ရဲ့လီဗာပူးအသင်းဟာ ပထမဆုံး ၇ ပွဲကိုအနိုင်ရရှိထားခဲ့ပေမယ့် ၄ ပွဲဆက်အရေးနိမ့်ပြီးနောက်မှာ အဆင့် ၄ နေရာအထိ ကျဆင်းခဲ့ရပါတယ်။ အာဆင်နယ်ကတော့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၅၀ ကျော်အသုံးပြုထားခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အာဆင်နယ်ရဲ့အနေအထားကြောင့် ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေသလို ဝင်းဂါးကပါ ထောက်ခံလာခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ အာစင်းက “မှန်ပါတယ်။ တွေဝေမှုမရှိပဲပြောတာပါ။ ခင်ဗျားအနေနဲ့ ကျွန်တော်နှစ်တိုင်း ဒီလိုပြောတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ဒီလူစာရင်း ဘာပြဿနာမှမရှိပါဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ကိုင်ဟာဗက်ဇ် နဲ့ ဆာကာတို့ မနှစ်ကလက်လွှတ်ရချိန်မှာ အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်တော့ မာဒူကီ ၊ ထရိုဆက် ၊ အီဇီး ၊ မာတီနယ်လီတို့ရှိနေပါတယ်။
နောက်တန်းမှာလည်း မော့စကွယ်ရာရှိနေပါတယ်။ အစွန်နောက်ခံလူတွေမှာလည်း လူအင်အားအပြည့်ရှိနေပါတယ်။ သူတို့ ပြီးပြည့်စုံတဲ့လူအင်အားရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ လီဗာပူးကို ကျွန်တော်ချဲလ်ဆီးနဲ့ပွဲမှာ ကြည့်လိုက်ရပါတယ်။ သူတို့ ဆိုဘိုဆလိုင်းကို ညာနောက်ခံလူ နဲ့ ဂရာဗန်ဘာ့ဂျ်ကို ဗဟိုခံစစ်နေရာမှာ ထားနေရပါတယ်။
အာဆင်နယ်မှာ အဲ့လိုမရှိပါဘူး။ တစ်ချို့အချိန်တွေမှာ ကစားသမားတွေကို နားချိန်ပေးရပါမယ်။ ကစားသမားတွေမှာ အရည်အချင်းရှိပါတယ်။ အီဆက်ကော ဝီရက်ဇ်ကော အတူတူပါပဲ။ ဒါပေမယ့် သူတို့က အခုလက်ရှိအချိန်မှာ အရင်ခြေစွမ်းအတိုင်းပြန်မရသေးပါဘူး။ ခက်ခဲတဲ့အခိုက်အတန့်ကို ကျော်ဖြတ်နေရပါတယ်။ အသင်းအနေနဲ့ သူတို့ပြန်လာနိုင်မယ်ဆိုတာကို ယုံကြည်ရပါမယ်”လို့ ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ မနေ့ညတုန်းက တီကိုအသင်းကို ၄ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ လိဂ်ဖလားရယူနိုင်ဖို့ စောင့်ဆိုင်းနေတာလို့ ထောက်ခံလိုက်ပါတယ်။ အခြားပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီး နဲ့ ချဲလ်ဆီးတို့ကလည်း ဒီရာသီမှာစွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။