The network connection is lost.

Banner Image

ဗော့တမာဒါက တန်ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးမပြသနိုင်သေးဘူးလို့ဆိုလာတဲ့ အလန်ရှီးယား

နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက နစ်ခ်ဗော့တမာဒါဟာ သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ဘူးလို့ ယူဆနေပါတယ်။ ယူရို ၇၅ သန်းတန် ဂျာမနီတိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ နှစ်သစ်ကူးကာလကစပြီး ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

The Rest Is Football ပေါ့တ်ကတ်စ်မှာ ပြောကြားရာမှာတော့ ရှီးယားက "ကျွန်တော် ခံစားရတာကတော့ သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ပဲဖြစ်ဖြစ်၊ သူက အထောင်တိုက်စစ်မှူးတစ်ယောက် ဖြစ်နေတာကြောင့်ပဲဖြစ်ဖြစ် လူအများရဲ့ အာရုံစိုက်မှုကို အများကြီး ခံနေရတာပါ။ သူ့အကြောင်းကိုလည်း အပြောများကြပါလိမ့်မယ်။"

"တကယ်တော့ နယူးကာဆယ်အသင်းမှာ တခြားခြေစွမ်း တော်တော်လေး ညံ့နေတဲ့ ကစားသမားတွေလည်း ရှိပါသေးတယ်။ ဒန်ဘန်းလည်း သိပ်မကောင်းသလို၊ နစ်ပုပ်ကလည်း သိပ်မဟန်ပါဘူး၊ မနေ့ကလည်း သူ နောက်ထပ် အမှားတစ်ခု လုပ်ခဲ့ပါသေးတယ်။ အန်တိုနီဂေါ်ဒန်ကလည်း လိဂ်ပွဲတွေမှာ သိပ်မကောင်းပေမဲ့ ချန်ပီယံလိဂ်မှာတော့ တကယ့်ကို အလန်းစား ဖြစ်ခဲ့ပါတယ်။"

"ဟာဗေးဘန်းစ်ကလည်း ခြေစွမ်းနည်းနည်း ကျသွားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပေါင် ၆၉ သန်း ဒါမှမဟုတ် သန်း ၇၀ လောက် ပေးထားရတဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်က ဒီလောက်ပဲ လုပ်ပြနိုင်တာဟာ မလုံလောက်ပါဘူး။ သူက အက်ဒီဟောင်းအတွက်တော့ ခေါင်းခဲစရာ ပုစ္ဆာတစ်ပုဒ် ဖြစ်နေပါတယ်။"

"တိုက်စစ်ဆင်တဲ့ နေရာတွေမှာ သူက ဂိုးဧရိယာထဲအထိ လုံလောက်အောင် မရောက်နိုင်တာကြောင့် အက်ဒီဟောင်းက ဂေါ်ဒန်ကို အစားထိုး ကစားစေခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုနဲ့ မြန်နှုန်းတွေကို သူ ရုန်းကန်နေရပါတယ်။ အသားကျဖို့ အချိန်ယူရမယ်ဆိုတာ သိတဲ့အတွက်ကြောင့်လည်း အက်ဒီဟောင်းက သူ့ကို ကွင်းလယ်မှာ ပြောင်းထားခဲ့တာပါ။"

"ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ ဂိုးဧရိယာထဲမှာ ဘောလုံးတစ်ချက်တောင် မထိခဲ့သလို၊ လုံလောက်တဲ့ ပါဝင်ပတ်သက်မှုလည်း မရှိခဲ့ပါဘူး။ သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး။"

"အသင်းအနေနဲ့ ခံစစ်ပိတ်ဆို့ကစားတဲ့ အသင်းတွေကို ဖောက်ထွက်နိုင်စွမ်း မရှိသလို၊ နေရာယူပြီး ကစားတဲ့ အသင်းတွေကိုလည်း မကျော်နိုင်တာက သူတို့ရဲ့ ပြဿနာပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။