The network connection is lost.

Banner Image

ယောကရက်စ် အာဆင်နယ်သို့ တရားဝင် ရောက်ရှိ၊ ဂန္တဝင် ကျောနံပါတ် (၁၄) ဂျာစီကို ဝတ်ဆင်မည်

ပရီးမီးယားလိဂ်ထိပ်တန်းကလပ် အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ 

ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ အာဆင်နယ်အသင်းဆီ တရားဝင်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 
ယောကရက်စ်ဟာ အာဆင်နယ်ဂန္တဝင် ကစားသမားတွေဖြစ်တဲ့ သီယာရီ ဒဟင်နရီတို့လို နာမည်ကြီး ကစားသမားများ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် (၁၄) ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားတစ်ဦးအဖြစ် ပထမဆုံးအကြိမ် မှတ်ချက်ပြုပြောကြားရာမှာ ယောကရက်စ်က "ဒီကလပ်ဟာ ကျွန်တော့်အတွက် မှန်ကန်တဲ့ ကလပ်ဖြစ်တယ်လို့ ခံစားမိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နဲ့ ကစားရတဲ့အခါ သူတို့ဟာ တကယ်ကို ခိုင်မာပြီး ကစားရခက်တဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာ ခံစားမိပါတယ်။ အဲ့ဒါကပဲ ကျွန်တော့်ကို အာဆင်နယ်ကို ရွေးချယ်ဖြစ်စေခဲ့တာပါ။ ဒီကလပ်မှာရှိတဲ့ သမိုင်းကြောင်းတွေ၊ ကြီးမားတဲ့ ပရိသတ်အင်အားစုတွေကြောင့်လည်း ပါပါတယ်။" လို့ စိတ်လှုပ်ရှားမှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ယောကရက်စ်ဟာ စပို့တင်းမှာ ကစားခဲ့စဉ်က စွမ်းဆောင်ရည်ကောင်းများစွာ ပြသခဲ့ပြီး ၁၀၂ ပွဲ ကစားခဲ့ရာမှာ ၉၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 
ယောကရက်စ်ကို အာဆင်နယ်အသင်းက အပိုဆုကြေးများအပါအဝင် ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း၊ ဒေါ်လာ ၈၆ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး စပို့တင်းဥက္ကဋ္ဌ Frederico Varandas နဲ့ စကားစစ်ထိုးမှုများအပါအဝင် အငြင်းပွားဖွယ်ရာ အခြေအနေတွေ ကြားကနေ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

မပြောင်းခင်ကတည်းက အာဆင်နယ် ပရိသတ်တွေဆီက နွေးထွေးတဲ့ ကြိုဆိုမှုကို ရရှိခဲ့တဲ့အပေါ် ယောကရက်စ်က "ကျွန်တော် မရောက်လာခင်ကတည်းက ပရိသတ်တွေပေးတဲ့ အားပေးမှုတွေအားလုံးကို မြင်ရတာ အံ့သြစရာကောင်းပါတယ်။ ဒါဟာ အားလုံးရဲ့ အဓိက အကြောင်းအရင်းပါပဲ။ ကွင်းထဲမှာလည်း သူတို့ကို တွေ့ရတာ တကယ်ကိုကောင်းမှာပါ။" ဟု ပြောကြားခဲ့ပါတယ်။

ယောကရက်စ်ဟာ ဘရိုက်တန်အသင်းနဲ့ ချန်ပီယံရှစ်လိဂ်မှာ အင်္ဂလန်တွင် ကစားခဲ့ဖူးပြီး ယခုအချိန်မှာတော့ အမြင့်ဆုံးအဆင့်မှာ သူ့ကိုယ်သူ သက်သေပြဖို့ စိတ်အားထက်သန်နေပါတယ်။ 
"အဲ့ဒီတုန်းကထက် အများကြီး တိုးတက်လာပြီလို့ ထင်ပါတယ်။ အခုဆိုရင် အစစ်အမှန် သက်သေပြပြီး အသင်းနဲ့အတူ ကစားချင်နေပါပြီ။" လို့လည်း ယောကရက်စ်က ဆိုခဲ့ပါတယ်။