ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရတဲ့ အရိုကိုဒါယေးကို အငှားချဖို့ ဝုဗ်အသင်း ပြင်ဆင်နေ
ဝုဗ်အသင်း ပရီမီယာလိဂ်ကနေ တန်းဆင်းသွားခဲ့ပြီးနောက်မှာ တိုလူ အရိုကိုဒါယေးဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းကနေ ယူရို ၂၄ သန်းနဲ့ ဝုဗ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ မိုလီနူးကွင်းမှာ ကစားခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာတော့ ခြေစွမ်းပြနိုင်ဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ဝုဗ်အသင်းအတွက် လိဂ်ပွဲစဉ် ၂၈ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးသာ ရရှိခဲ့တာပါ။ talkSPORT ရဲ့ ဖော်ပြချက်အရ အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်မှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အရိုကိုဒါယေးကို အပြီးသတ်ဝယ်ယူမယ့်သူ ရှာဖို့ခက်ခဲနိုင်တယ်လို့ ဝုဗ်အသင်းက ယူဆထားပြီး လက်ရှိမှာတော့ သူ့ကို အငှားချဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မတိုင်ခင်မှာ လက်ရှိပေါက်ဈေး ယူရို ၁၈ သန်းဝန်းကျင် ရှိနေပါတယ်။