The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာပေမဲ့ ဘယ်ပြိုင်ပွဲကိုမှ ဗိုလ်စွဲဖို့အတွက် လွှမ်းမိုးထားနိုင်မှာ မဟုတ်ဘူးလို့ ဂါးလက်စ် ပြောကြား

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ နောက်ခံလူဟောင်း ဝီလီယမ်ဂါးလက်စ်က နည်းပြ အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲတွေကို လွှမ်းမိုးထားနိုင်လောက်တဲ့ အရည်အသွေးမျိုး မရှိသေးဘူးလို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပအောင်မြင်မှုရဖို့ ခြေတစ်လှမ်းအလိုကို ရောက်နေသလို၊ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလား ရယူနိုင်ဖို့အတွက်လည်း ၂ ပွဲပဲ လိုတော့တာ ဖြစ်ပါတယ်။ အာတီတာဟာ ဒီရာသီမှာ သူ့အသင်းကို အစွမ်းကုန် တွန်းအားပေးထားပြီး မြောက်လန်ဒန်ကလပ်နဲ့အတူ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေတာပါ။

ဒီရာသီမှာ အခုလို အောင်မြင်မှုတွေ ရနေပေမဲ့လည်း ဂါးလက်စ်ကတော့ သူ့အသင်းဟောင်းအနေနဲ့ နောင်လာမယ့်နှစ်တွေမှာ ပြိုင်ပွဲတွေကို လွှမ်းမိုးထားနိုင်တဲ့အသင်း ဖြစ်လာမှာမဟုတ်ဘူးလို့ BetVictor နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး ဒါဟာ ပရိသတ်တွေအတွက် စိုးရိမ်စရာ သတင်းစကားလည်း ဖြစ်နေပါတယ်။

"လာမယ့်ရာသီမှာ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ကို လွှမ်းမိုးထားနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ ပီအက်စ်ဂျီ (PSG) ကတော့ လီဂူးဝမ်းမှာ ပြန်ပြီးလွှမ်းမိုးနိုင်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ လီဂူးဝမ်းက ပရီးမီးယားလိဂ်နဲ့ မတူလို့ပါ။ ပရီးမီးယားလိဂ်လောက် လူချင်းထိတွေ့မှု မပြင်းထန်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာ တောင်းဆိုမှုလည်း မများဘူး" လို့ သူက ဆိုပါတယ်။

"အာဆင်နယ်က ဒီရာသီမှာတောင် ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်တာ မဟုတ်ပါဘူး။ သူတို့ဟာ မန်စီးတီးကို ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်အောင် အခွင့်အရေးပေးခဲ့သလို၊ လိဂ်ပွဲနှစ်ပွဲနဲ့ ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အာတီတာက နောက်ထပ်တစ်ရာသီတော့ ဆက်ရှိနေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ လာမယ့်နှစ်မှာ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ရအောင် သူ အကောင်းဆုံး ကြိုးစားပါလိမ့်မယ်" လို့ ဂါးလက်စ်က ဆက်ပြောပါတယ်။

ဒါ့အပြင် ၎င်းက "ဒီရာသီမှာ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းက တိုးတက်လာပါတယ်။ မန်စီးတီးကို ရှုံးပြီးချိန်မှာတောင် သူတို့ ပြိုလဲမသွားခဲ့ဘူး။ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး တိုက်ပွဲဝင်နေသလို၊ ဝက်စ်ဟမ်းနဲ့ပွဲက နိုင်ပွဲကလည်း ဂိုးမရမချင်း သူတို့ ရပ်တန့်မှာမဟုတ်ဘူးဆိုတာကို ပြသနေပါတယ်" လို့ သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘန်လေနဲ့ပွဲကလွဲရင် နောက်ဆုံးကစားခဲ့တဲ့ ထိပ်တန်းလိဂ် ၁၉ ပွဲမှာ ၁ ပွဲပဲ ရှုံးနိမ့်ထားပြီး တနင်္လာနေ့ညမှာတော့ ချန်ပီယံဆုနဲ့ ပိုနီးစပ်သွားစေမယ့် အခွင့်အရေးအတွက် ပြင်ဆင်နေပါတယ်။ အကယ်၍ သူတို့သာ အနိုင်ရခဲ့ပြီး ဘုန်းမောက်နဲ့ပွဲမှာ မန်စီးတီးသာ အမှားအယွင်းရှိခဲ့ရင် အာဆင်နယ်တို့ ချန်ပီယံဖြစ်လာနိုင်ပါတယ်။ ဒီအရှိန်အဟုန်ကို နောက် ၂ ပတ်အကြာမှာ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ဆက်ထိန်းထားရမှာဖြစ်ပြီး ဒါဟာ သူတို့အတွက် အမှတ်တရဖြစ်စေမယ့် ရာသီတစ်ခု ဖြစ်လာနိုင်ပါတယ်။