The network connection is lost.

Banner Image

အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တာက စိတ်ပျက်ဖို့ကောင်းတယ်လို့ဆိုလာတဲ့ ဘော့ဂျက်စ်

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စပို့တင်းစီပီ နည်းပြ ဘော့ဂျက်စ်က သူတို့အနေနဲ့ စိတ်ပျက်ဖို့ကောင်းတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဂါဘရီယယ် မာတင်နယ်လီရဲ့ အဆင့်မြင့် ပေးပို့မှုကို ကိုင်ဟာဗက်ဇ်က အဆုံးသတ် ဂိုးသွင်းယူခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ကွာတားဖိုင်နယ် ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘော့ဂျက်စ်က “ဒါဟာ တကယ်ပဲ စိတ်ပျက်စရာ ကောင်းပါတယ်။ ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရာမှာ အခုလို ကောင်းမွန်တဲ့ ကစားဟန် ပြသနိုင်ခဲ့ပြီးမှတော့ အနည်းငယ် စိတ်ပျက်မိတာက သဘာဝပါပဲ။ တစ်ပွဲလုံးရဲ့ ၉၂ မိနစ်အတွင်းမှာ ကျွန်တော်တို့ဘက်က ဂိုးရနိုင်တဲ့ အခွင့်အရေး ၃ ကြိမ်၊ ၄ ကြိမ်လောက် ရှိခဲ့ပေမဲ့ သူတို့ဘက်ကတော့ ပယ်ဖျက်လိုက်တဲ့ ဂိုးကလွဲလို့ တခြား ထင်သာမြင်သာတဲ့ အခွင့်အရေး မရှိခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဂိုးရှေ့ရောက်ရင် ပိုပြီးတော့ပဲ အဆုံးသတ် သေချာဖို့ လိုအပ်ခဲ့တာပါ။ ဒါဟာ ဘောလုံးရဲ့ သဘာဝပါပဲ၊ စိတ်ဓာတ်မကျဘဲ ခေါင်းမော့ထားပြီး ပြန်လာနိုင်မယ်လို့ပဲ ယုံကြည်ထားကြရအောင်” လို့ ပြောကြားခဲ့ပါတယ်။

စပို့တင်းအသင်းဟာ ဒုတိယအကျော့အဖြစ် လန်ဒန်ကို သွားရောက်ကစားရမှာဖြစ်ပြီး ၁-၀ ဆိုတဲ့ ရလဒ်ကို အမီလိုက်ကျော်ဖြတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဘော့ဂျက်စ်က ဆက်လက်ပြီး “ဒီရလဒ်ကို အလှည့်အပြောင်းဖြစ်အောင် လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံက ရင့်ကျက်မှုရှိပြီး ပါးနပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့ပေးလိုက်ရတဲ့ ဂိုးလိုမျိုးပဲ၊ နေရာလွတ် အနည်းငယ်လေးမှာတောင် ကွာခြားချက်တွေ ဖန်တီးနိုင်တဲ့ ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို အမြဲ သတိပြုနေရမှာပါ။ လန်ဒန်မှာ ကျွန်တော်တို့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်မှာဖြစ်သလို ဒီပွဲစဉ်ကို အဆုံးထိ အကောင်းဆုံး တိုက်ပွဲဝင်သွားနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်” လို့ ဆိုပါတယ်။