The network connection is lost.

Banner Image

မိုဆာလက်ရဲ့ပြောစကားတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်လာတဲ့ လီဗာပူးလ်နောက်ခံလူဟောင်းရီဆီ

လီဗာပူးလ်နောက်ခံလူဟောင်းဂျွန်အာနီရီဆီက နည်းပြအန်းစလော့အပေါ် မိုဆာလက်ရဲ့မှတ်ချက်ပေးမှုတွေအတွက် ဝေဖန်လိုက်ပြီး အခုလို လူသိရှင်ကြား မပြောခင်မှာ ရာသီကုန်တဲ့အထိ အီဂျစ်တိုက်စစ်မှူးကိုယ်တိုင် စောင့်ဆိုင်းပေးသင့်တယ်လို့ ဆိုပါတယ်။

မိုဆာလက်က လီဗာပူးအသင်းကို နည်းပြဟောင်းယာဂန်ကလော့ပ်ရဲ့“heavy metal football” ကစားဟန်ဆီ ပြန်သွားဖို့ တိုက်တွန်းခဲ့ပြီးနောက် အငြင်းပွားစရာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါက အန်းစလော့ရဲ့ကစားဟန်ကို ဝေဖန်ပြောဆိုမှုအဖြစ် အများက ယူဆထားကြပါတယ်။

ရီစီကိုယ်တိုင်ကတော့ ဆာလာရဲ့ ပြောကြားချက်ကို အချိန်အခါမသင့်ဘူးလို့ ယုံကြည်နေပြီး လီဗာပူးလ်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ရာသီအတွက် နည်းပြတင်မက ကစားသမားတွေမှာလည်း တာဝန်ရှိတယ်လို့ ငြင်းချက်ထုတ်လိုက်ပါတယ်။

"ဒီစကားတွေကိုမပြောခင် မိုဆာလက်ကိုယ်တိုင် အနည်းဆုံး ရာသီကုန်တဲ့အထိ မစောင့်နိုင်ခဲ့ဘူးဆိုတဲ့အချက်က ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်" လို့ ရီဆီက Liverpool Echo ကို ပြောကြားခဲ့ပါတယ်။

"သူထွက်သွားတော့မယ်ဆိုတာ လူတိုင်းသိကြတာပဲ၊ ဒါဆိုရင် ဘာလို့ အခုလိုထင်မြင်ချက်တွေကို ရာသီကုန်တဲ့အထိ ထိန်းသိမ်းမထားတာလဲ။ ဒါမှမဟုတ် ဘာလို့ ဒါတွေကို ပြောနေရတာလဲ။ ကျွန်တော် မိုဆာလက်နဲ့ ခဏတဖြုတ်တော့ ဆုံဖူးပါတယ်။ သူက အမြဲတမ်းပြုံးရွှင်နေတတ်ပြီး ဖော်ရွေတယ်၊ ရိုသေမှုရှိတယ်၊ တခြားသူတွေကိုလည်း ဂရုစိုက်တတ်တဲ့ ချစ်စရာကောင်းသူတစ်ဦးလို့ ရှုမြင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို ပြောဆိုမှုတွေကို ကျွန်တော် တကယ်နားမလည်နိုင်တာပါ။ တခြားတစ်ဦးဦးက ရေးလိုက်သလိုမျိုးတောင် ခံစားရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

"တကယ်လို့ သူ့ရဲ့နာမည်ကို ကလပ်အသင်းထက် ပိုကြီးကျယ်သွားအောင် လုပ်ဖို့ ပေးလာတဲ့ PRအဖွဲ့ရဲ့အကြံအစည်ဆိုရင်တော့ မှားယွင်းနေပါပြီ။ ဘာကြောင့်လဲဆိုတော့ လီဗာပူးဆိုတဲ့ဘောလုံးကလပ်အသင်းက ဘယ်ကစားသမားထက်မဆို အမြဲတမ်းပိုမိုကြီးကျယ်ခမ်းနားနေလို့ပါပဲ။ အမြဲတမ်းပါပဲ" လို့လည်း ရီဆီက ဆက်လက်ပြောကြားခဲ့ပါတယ်။