မော်ဂန်ဂစ်ဘ်စ်ဝိုက်ကို အသင်းမှာ ဆက်ထိန်းထားနိုင်မယ်လို့ နော်တင်ဟမ်ဖောရက်စ် ယုံကြည်နေ
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ သူတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝိုက်ကို ဒီနွေရာသီမှာ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်မှုရှိနေကြောင်း သတင်းများအရ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စပါးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးပေမဲ့ နောက်ဆုံးမှာတော့ ဖောရက်စ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဂစ်ဘ်စ်ဝိုက်ဟာ ရုန်းကန်နေရတဲ့ ဖောရက်စ်အသင်းအတွက် ဒီရာသီမှာ အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြနေပြီး ၅၁ ပွဲကစားထားရာမှာ ၁၆ ဂိုးသွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ TeamTalk ရဲ့ ဖော်ပြချက်အရ ဖောရက်စ်အသင်းဟာ ဂစ်ဘ်စ်ဝိုက်အနေနဲ့ တခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး ဒီနွေရာသီအလွန်မှာလည်း စီးတီးဂရောင်းဒ်ကွင်းမှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမဲ့လည်း အသင်းရဲ့ နောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ အဲလိယက်အန်ဒါဆန်ကိုတော့ လက်လွှတ်ရတော့မယ်လို့ အသင်းဘက်က လက်ခံထားပါတယ်။ အန်ဒါဆန်ကိုတော့ မန်စီးတီး၊ မန်ယူနဲ့ တခြားအသင်းကြီးတွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။