မန်စီးတီးကနေ ထွက်ခွာပြီးရင် ဂွါဒီယိုလာအနေနဲ့ တစ်နှစ်လောက် အနားယူပြီးမှ ပြန်လာနိုင်တယ်လို့ ရှီးယား ခန့်မှန်း
ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက ပက်ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာပြီးတဲ့နောက် ဘယ်လိုနေရာမျိုးကို ဆက်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပရီမီယာလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ FA ဖလား ၃ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်များဖလား စတဲ့ ဆုဖလားပေါင်း ၂၀ အထိ အရယူပေးထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့က ဝမ်ဘလေကွင်းမှာ ချယ်လ်ဆီးကို ၁-၀ နဲ့ အနိုင်ရပြီး သူရဲ့ တတိယမြောက် FA ဖလားကို ရယူနိုင်ခဲ့သလို မတ်လတုန်းကလည်း ၅ ကြိမ်မြောက် လိဂ်ဖလားကို ရရှိထားခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် သူနောက်ဆုံး ရယူပေးခဲ့တဲ့ ဆုဖလားတွေလည်း ဖြစ်လာပါလိမ့်မယ်။
သတင်းတွေအရ စပိန်လူမျိုးနည်းပြကြီးဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး သူ့နေရာမှာ ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာနဲ့ အစားထိုးဖို့ ရှိနေပါတယ်။
Betfair နဲ့ အင်တာဗျူးမှာတော့ ရှီးယားက မာရက်စကာအကြောင်းနဲ့ ဂွါဒီယိုလာ မန်စီးတီးကနေ အပြီးအပိုင် ထွက်ခွာပြီးရင် ဘယ်ကိုသွားမလဲဆိုတဲ့အပေါ် အခုလို ပြောကြားခဲ့ပါတယ်။
“မန်စီးတီးပြီးရင် ဂွါဒီယိုလာ ဘာဆက်လုပ်မလဲဆိုတော့ အနားယူမှာပေါ့။ အရင်တုန်းက သူလုပ်ခဲ့သလိုမျိုး တစ်နှစ်လောက် အနားယူပြီးမှ ခွန်အားသစ်တွေနဲ့ ပြန်လာပြီး အသစ်ကပြန်စလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်တာမျိုးလည်း မြင်ယောင်ကြည့်လို့ ရပါတယ်။ ဖိအားနည်းမယ်လို့ မဆိုလိုပေမဲ့ ကလပ်အသင်းတွေလောက်တော့ အချိန်ပြည့် ပြင်းပြင်းထန်ထန် ရှိမှာမဟုတ်ဘူး၊ ဒါဟာ သူ့အတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖြစ်မှာပါ" လို့ ရှီးယားက ဆိုပါတယ်။
မာရက်စကာ အသင်းကို လွှဲပြောင်းယူမယ့်အပေါ်မှာတော့ "သူ့ကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးရမှာပါ။ ဒါက တကယ်ကို ခက်ခဲမယ့် အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ နည်းပြကောင်းတစ်ယောက်ရဲ့ ခြေရာကို နင်းဖို့ဆိုတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးပြီ၊ ပက်ကတော့ အကောင်းဆုံးတွေထဲက တစ်ယောက်ပေါ့။ သူ ထွက်သွားတာက တခြားအသင်းတွေအတွက် အခွင့်အရေး ဖြစ်လာနိုင်ပေမဲ့ သူထွက်သွားမှာကိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပရီမီယာလိဂ်အတွက် တကယ့်ကို အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတွေ ယူဆောင်ပေးခဲ့သူဖြစ်လို့ပါ" လို့ ပြောခဲ့ပါတယ်။
ဂွါဒီယိုလာဟာ လာမယ့်သီတင်းပတ် အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ မန်စီးတီးနည်းပြအဖြစ် နောက်ဆုံးပွဲစဉ်ကို ကိုင်တွယ်သွားမှာဖြစ်ပြီး ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ နှုတ်ဆက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။