The network connection is lost.

Banner Image

ရေခဲ‌သေတ္တာကြီးထမ်းပြီး ကစားနေသလိုပဲလို့ ရက်ရှ်ဖို့ဒ်ကို ဝေဖန်ပြောဆိုလိုက်တဲ့ စတော့ပီးယာ့စ်

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း စတော့ပီးယားစ်က ဘိုင်ယန်မြူးနစ်ကို ၄-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကစားသမားဟာ ရေခဲ‌သေတ္တာကြီးကို ကျောမှာထမ်းပြီး ကစားနေသလိုပဲလို့ ဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမဆုံးပွဲစဉ်မှာ အဲရစ်တန်ဟက်ရဲ့အသင်းဟာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ရမှတ်ရရှိနိုင်ဖို့ မလုံလောက်ခဲ့ပဲ ဂျာမန်ချန်ပီယံတွေကသာ အနိုင် ၃ မှတ်ကို ပုံဖော်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
 
အဆိုပါပွဲစဉ်အတွင်း ယူနိုက်တက်တိုက်စစ်မှူးမားကက်ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စတော့ပီးယာ့စ်က ကစားသမားရဲ့ ဘောလုံးနောက်ကိုလိုက်နေတဲ့ပုံကို အဓိကပစ်မှတ်ထား ဝေဖန်သွားတာဖြစ်ပါတယ်။ ၎င်းက " ရက်ရှ်ဖို့ဒ်က ကျောကုန်းပေါ်မှာရေခဲ‌သေတ္တာထမ်းပြီး ‌ကစားနေသလိုပါပဲ။ ဒါပေမယ့် ယူနိုက်တက်မှာ ကစားသမားတွေ များနေတာကြောင့် ကွင်းထဲမှာ ကွက်တိပါပဲ။ ရက်ရှ်ဖို့ဒ်က တစ်ဝက်ပြေးတယ်။ ကတ်စ်မဲရိုးက တစ်ဝက်ပြေးတယ်။ နွေရာသီတုန်းက မက်ဂွါရီကို အိုနာနာရဲ့ အော်ဟစ်ပြောဆိုမှုနဲ့ပက်သက်ပြီး ကျွန်တော် အံ့ဩမိခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့မအံ့ဩတော့ပါဘူး။ အခုချိန်က နောက်တန်းကိုသာမက တစ်သင်းလုံးကို အော်ဟစ်ပြောဆိုသင့်နေပါပြီ။ ယူနိုက်တက်ကနေရာလွတ်တွေအများကြီး ခွင့်ပြုပေးခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ဒီထက်ပိုပြီးအသုံးမချနိုင်ခဲ့လို့ သူတို့ ကံကောင်းသွားတာပါ" လို့ပြောကြားခဲ့ပါတယ်။
 
ပွဲကစားချိန် ၂၈ မိနစ်မှာ တောင်ပံကစားသမား လီရွိုင်ဆာနေးရဲ့ အားမပါလှတဲ့ကန်ချက်ကို ယူနိုက်တက်ဂိုးသမား အိုနာနာကာကွယ်ဖို့ကြိုးစားခဲ့ရာမှာ ဟန်ချက်ပျက်နေခဲ့တာကြောင့် ဘိုင်ယန်တို့ဦးဆောင်ဂိုးရှိသွားခဲ့ပြီး ၄ မိနစ်အကြာမှာပဲ ဂျီနာဘရီက နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းမှာ ဂျာမန်ကလပ်က ၂-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ တိုက်စစ်မှူးသစ် ဟယ်ရီကိန်းနဲ့ မာသီစ်တယ် တို့က ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေဆက်လက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
 
ယူနိုက်တက်ကလည်း တိုက်စစ်မှူးသစ်ဟွိုက်လန်း၊ ချန်ပီယံလိဂ်အတွေ့အကြုံရင့်ကွင်းလယ်လူ ကတ်စမဲရိုးတို့ရဲ့ဂိုးတွေနဲ့ ပြန်လာနိုင်ဖို့ကြိုးစားခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ထံမှ ရမှတ်တစ်မှတ်ပြန်လည်ရရှိဖို့အတွက်တော့ လုံလောက်ခြင်းမရှိခဲ့ပါဘူး။
 
ဆက်လက်ပြီး ပီးယာ့စ်က "နောက်တန်းက ပုံမှန်အတိုင်း ဟောင်းလောင်းကြီးဖြစ်နေတုန်းပါပဲ။ သူတို့ ၃-၂ အထိ ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒါက မျှော်လင့်ချက်အမှားကြီးပါ။ နောက်ဆုံးမှာတော့ ‌၄ ဂိုးအထိ‌ပေးခဲ့ရပြီး သူတို့နဲ့ထိုက်တန်ရဲ့ရလဒ်ကို ရရှိခဲ့တာပါ။ ပထမတစ်ဂိုးသွင်းပြီးတော့ ယူနိုက်တက်က ပျော်နေသလိုပဲ။ ဂိုးသွင်းထားနိုင်ခဲ့တာတောင် သူတို့ရဲ့ကြိုးစားမှုကို ၁၅ မိနစ်လောက် ရပ်တန့်လိုက်တယ်လို့ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
 
ယခုရှုံးပွဲဟာ ဘိုင်ယန်မြူးနစ်ရဲ့နောက်တန်းကို ထင်သလောက်ခြိမ်းခြောက်မှုတွေမပြုလုပ်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားရက်ရှ်ဖို့ဒ်အတွက်လည်း ‌ကောင်းမွန်တဲ့ပွဲစဉ်မဖြစ်ခဲ့ပါဘူး။ ပီးယာ့စ်ရဲ့ ဝေဖန်မှုထဲမှာ ယူနိုက်တက်တစ်သင်းလုံးပါဝင်နေသော်လည်း ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူအများစုက ဘိုင်ယန်မြူးနစ်ရဲ့ ပထမဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ အိုနာနာကိုပဲ လက်ညှိုးထိုး ဝေဖန်အပြစ်တင်‌နေကြတာဖြစ်ပါတယ်။
 
မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားဟောင်း ဟားဂရေ့စ်က အိုနာနာရဲ့အမှားကြောင့် ထိတ်လန့်သွားခဲ့ကြောင်းကို "ဒီအလုံးက ဖမ်းလိုက်ရုံပါပဲ။ သူ့ခြေထောက်တွေအဆင်သင့်ရှိတာမရှိတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဘောလုံးက ဂိုးထဲကိုဝင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အိုနာနာရဲ့အမှားပါ "လို့ပြောကြားခဲ့ပါတယ်။