The network connection is lost.

Banner Image

ဂျိုကာရက်စ်ကို ယခုဇန်နဝါရီဈေးကွက်မှာပဲ ဝယ်ပေးဖို့ ယူနိုက်တက်အကြီးအကဲတွေထံ တောင်းဆိုမှုပြုလုပ်ထားတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် အသင်းဟောင်းစပို့တင်းလစ္စဘွန်းမှ တိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာပဲ ဝယ်ယူပေးဖို့ အသင်းရဲ့အကြီးအကဲတွေထံ တောင်းဆိုမှုပြုလုပ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

အသက်-၂၆ နှစ်အရွယ် ဂျိုကာရက်စ်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ၂၀၂၈ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးပြီး လက်ရှိအချိန်မှာ ကစားသမားကိုခေါ်ယူမယ်ဆိုပါက ယူနိုက်တက်အနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၈၀ လောက်အထိကုန်ကျသွားမှာဖြစ်ပါတယ်။ အာမိုရင်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ကို အသင်းကနေရောင်းချဖို့ပြင်ဆင်ထားတာကြောင့် အဆိုပါကစားသမားတွေရောင်းချမှုမှရရှိလာတဲ့ ငွေကြေးနဲ့ ဂျိုကာရက်စ်ကိုခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ 

ဆွီဒင်လက်ရွေးစင်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲကစားထားရာမှာ ၂၆ ဂိုးအထိသွင်းယူထားနိုင်ပြီး လွန်ခဲ့တဲ့ ၂ လအကြာက မန်စီးတီးကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သတင်းတွေအရ စပို့တင်းလစ္စဘွန်းဟာ အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးကို ရာသီကုန်မှသာရောင်းချဖို့ရည်ရွယ်ထားပြီး ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၇၀ ဝန်းကျင်သတ်မှတ်ထားတယ်လို့သိရပါတယ်။
 
သို့သော်လည်း ယူနိုက်တက်က ယခုလမှာပဲ ဂျိုကာရက်စ်ကို ပေါင်သန်း ၈၀ နဲ့အပြီးသတ်ခေါ်ယူမယ်ဆိုရင်တော့ ပေါ်တူဂီကလပ်အနေနဲ့ ကစားသမားကို လက်လွှတ်သွားဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အာမိုရင်ဟာ တိုက်စစ်ပိုင်းကိုသာမက အသင်းရဲ့ဘယ်နောက်ခံနေရာကိုပါ အင်အားဖြည့်တင်းဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ 

ဘယ်နောက်ခံနေရာအတွက် ယူနိုက်တက်ဟာ ဘင်ဖီကာမှ အယ်လ်ဗာရိုဖာနန်ဒက်ဇ်ကို ချိတ်ဆက်မှုတွေပြုလုပ်နေပြီး ပေါင် ၂၅ သန်းဝန်ကျင်နဲ့ခေါ်ယူဖို့ ကြိုးစားနေတယ်လိုသိရပါတယ်။ တစ်ချိန်တည်းမှာပဲ အသင်းရဲ့ ပေါင် ၈၆ သန်းတန်တောင်ပံကစားသမား အန်တိုနီကိုလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ထားတာကြောင့် ဘရာဇီးသားဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပဲ မန်ချက်စတာမှ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ 

လောလောဆယ်မှာတော့ အန်တိုနီကို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ အေဂျက်စ်အပါအဝင် ဖီနာဘာချီနဲ့ ရီးရဲလ်ဘက်တစ်တို့က စောင့်ကြည့်နေကြပါတယ်။ သို့သော်လည်း အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ ယခုအပြောင်းအရွှေ့ကာလအတွင်းမှာတော့ ယူနိုက်တက်မှ အပြီးသတ်ထွက်ခွာဖို့မရှိဘဲ အငှားစာချုပ်နဲ့သာထွက်ခွာဖို့ ပိုမိုအခွင့်အရေးများနေတယ်လို့သိရပါတယ်။