The network connection is lost.

Banner Image

ဘက်တစ်ဆီ အပြီးသတ်မပြောင်းရွှေ့မီ ဘိုင်ယန်မြူးနစ်ရဲ့ကမ်းလှမ်းမှု ကို ရရှိခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အန်တိုနီ

အန်တိုနီက ဘက်တစ်ဆီ အပြီးသတ်မပြောင်းရွှေ့မီ ဘိုင်ယန်မြူးနစ်ရဲ့ဆက်သွယ်ကမ်းလှမ်းမှု ကို ရရှိခဲ့တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဒုတိယရာသီဝက်ကာလကို ဘက်တစ်မှာ အငှားဖြင့် ကျော်ဖြတ်ခဲ့တဲ့ အန်တိုနီက လာလီဂါကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစား၊ ကိုးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နွေရာသီမှာတော့ သူက မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂါနာချိုတို့လိုပဲ ယူနိုက်တက်ရဲ့အရန်လူစာရင်းမှ လွတ်မြောက်မှုဖို့အတွက် စပိန်ကလပ်ဆီ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါတယ်။

တောင်ပံကစားသမားက အိုးထရက်ဖို့ဒ်ကစားသမားဘဝ၊ အဆုံးသတ်ကာလတွေမှာ ယူနိုက်တက်ရဲ့ မလေးမစားပြုမူဆက်ဆံမှု ကို ခံစားရတယ်လို့ ပြောဆိုရင်း သူ့ရဲ့အင်္ဂလန်မြေခရီးစဉ်ကို မျက်ရည်တွေနဲ့အတူ ဖွင့်ဟလာခဲ့ပါတယ်။ အခုတော့ သူက လာလီဂါမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ဆက်လက်ပြသနေပြီး နွေရာသီကာလ၊ အပြီးသတ်ပြောင်းရွှေ့မှုမတိုင်ခင် ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်နဲ့လက်တွဲဖို့ အတော်လေးနီးစပ်ခဲ့တယ်လို့ Globo သတင်းဌာနနဲ့တွေ့ဆုံချိန် ဖွင့်ဟပြောပြခဲ့ပါတယ်။

အန်တိုနီက “ အပြောင်းအရွှေ့ဈေးကွက်နှောင်းပိုင်း၊ ဘက်တစ်နဲ့အတူ ကျွန်တော်တို့ ဆွေးနွေးနေချိန် ဘိုင်ယန်မြူးနစ်ရဲ့ဖုန်းခေါ်ဆိုမှု ရောက်ရှိလာခဲ့ပါတယ်။ အခု ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောပြပါမယ်။ ဒါက ကျွန်တော့်ကို အများကြီးတွန့်ဆုတ်သွားစေခဲ့ပါတယ်။ အခု ကျွန်တော်တို့က ကမ္ဘာ့အဆင့်ဘောလုံးဘီလူးကြီးဘိုင်ယန်မြူးနစ်နဲ့ အထင်ကြီးလောက်စရာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြကွန်ပနီအကြောင်း ပြောနေကြတာပါ။ ကွန်ပနီဆိုရင်လည်း ကျွန်တော့်ဆီ ပုဂ္ဂိုလ်ရေးအရ ဖုန်းခေါ်ဆိုခဲ့ပါတယ်။ သူက အလွန်ယဉ်ကျေးသိမ်မွေ့တဲ့နည်းပြတစ်ဦးပါ။ သူက ကျွန်တော့်ရဲ့ပရိသတ်တစ်ဦးဖြစ်ပြီး အမြဲတမ်းအားပေးနေခဲ့တယ်လို့ ပြောပါတယ်။ အဲ့ဒီအချိန်မှာ ခန့်မှန်းခြေ ည ၁၁ နာရီဝန်းကျင် ရှိနေပါပြီ။

ဘက်တစ်လား? ဒီအရပ်ဒေသမှာ ကျွန်တော် အရမ်းပျော်ရွှင်ရသလို ကျွန်တော့်ကိုကြိုဆိုနေသူတိုင်းရဲ့ အားပေးထောက်ခံမှုတွေကို ခံစားရပါတယ်။ ဒါက ကောင်းမွန်တဲ့ခံစားချက်တွေ ရရှိဖို့၊ ပျော်ရွှင်နေဖို့နဲ့ ကျွန်တော့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို သိရဖို့အတွက် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်က ဘက်တစ်နဲ့အတူ အရာအားလုံးကို သဘောတူညီခဲ့ပြီး ကတိကဝတ်လည်း ပြုခဲ့ပါတယ်။ အရာအားလုံးဆုံးဖြတ်ခဲ့ပြီးပါပြီ။ ကလပ်အသင်းဘက်ကရော၊ ကျွန်တော်ကိုယ်တိုင်ပါ ဘယ်လိုမှ လက်မလျော့နိုင်တော့ပါဘူး။ ဒီဆုံးဖြတ်ချက်က ခင်မင်ရင်းနှီးစွဲရှိမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်”လို့ ဆိုပါတယ်။

အန်တိုနီက ယူနိုက်တက်မှပြောင်းရွှေ့လာပြီးနောက်ပိုင်း ဘက်တစ်ကို အပြောင်းအလဲဖြစ်အောင် ကူညီပေးခဲ့ပြီး စပိန်ဘောလုံးလောကရဲ့သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အခုတော့ သူက ယုံကြည်မှုအပြည့်အဝရှိနေပြီး စပိန်ပရိသတ်တွေအကြား ရှင်သန်နေရတဲ့ဘဝကို ရှင်းရှင်းလင်းလင်းကြိုက်နှစ်သက်နေပါတယ်။

အသက်-၂၅ နှစ်အရွယ်ကစားသမားက အခုရာသီ၊ ဘက်တစ်အတွက် ၁၁ ပွဲကစား၊ ခြောက်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ကွန်ပနီလက်အောက်မှာဆိုရင်တော့ အန်တိုနီအတွက် ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုလွဲချော်မှုအစား အမှတ်ပေးချန်ပီယံဆုနဲ့ အခြားအရာတွေကို မျှော်လင့်နိုင်လာပါလိမ့်မယ်။