မန်စီးတီး ဖန်တီးရှင် ဆေးလ်ဗားကို ခေါ်ယူဖို့ အင်တာမိုင်ယာမီ အကြီးအကျယ် စီစဉ်နေ
ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပေမဲ့ မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းက အကြီးအကျယ် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ မန်စီးတီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး ကလပ်မှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ ဆေးလ်ဗားကို အရခေါ်နိုင်ဖို့ ဥရောပ ထိပ်သီးအသင်းကြီးတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖို့ မျှော်လင့်နေပါတယ်။
သူ့ရဲ့ ကလပ်အသင်းဟောင်း ဘင်ဖီကာအပြင် တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ဆေးလ်ဗားဟာ လက်ရှိမှာ အပိုဆုကြေးတွေ မပါဘဲ တစ်နှစ်ကို အသားတင် လစာ ယူရို ၇ သန်းကနေ ၈ သန်းကြား ရရှိနေပြီး ကလပ်အသင်းတွေကတော့ သူ့ကို ကမ်းလှမ်းမှု ပြုလုပ်သင့်၊ မသင့် ဆိုတာကို လက်ရှိမှာ တွက်ချက် စဉ်းစားနေကြပါတယ်။