The network connection is lost.

Banner Image

ဟန်ဆီဖလစ်ရဲ့ ဖုန်းတစ်ကောက သူ့ရဲ့စိတ်ကို ပြောင်းလဲစေခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်တဲ့ ရာဖင်ညာ

ရာဖင်ညာအတွက် ၂၀၂၄-၂၅ ဘောလုံးရာသီကတော့ အကောင်းမွန်ဆုံးရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် နွေရာသီမှာတော့ သူဟာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ အစောပိုင်းက စိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားခဲ့မိတယ်လို့ ဝန်ခံထားဖူးပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာလည်း သူက "ဆော်ဒီအာရေဗျက ကမ်းလှမ်းမှုက ကျွန်တော့်ကို တကယ်ပဲ စိတ်ယိုင်စေခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပြီး နည်းပြသစ် ဟန်ဆီဖလစ်နဲ့ ပြောဆိုဆွေးနွေးမှုတွေက သူ့ရဲ့စိတ်ကို ပြောင်းလဲစေခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ လိဒ်စ်အသင်းကနေ နူးကမ့်ကို ရောက်ရှိလာပြီးနောက်ပိုင်း ရာဖင်ညာအတွက် ပထမဆုံးရာသီနှစ်ခုကတော့ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ၂၀၂၄ ခုနှစ် နွေရာသီမှာ ကတ်တလန်ကလပ်ဟာ အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ဘဏ္ဍာရေးအကျပ်အတည်းနှစ်ခုလုံးနဲ့ ရင်ဆိုင်နေရပြီး အဆိုပါတောင်ပံကစားသမားဟာ ကလပ်က ရောင်းထုတ်ချင်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဟန်ဆီဖလစ်ရဲ့ ဖုန်းတစ်ကောက သူ့ရဲ့အနာဂတ်ကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

"၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ ကျွန်တော် စဉ်းစားနေခဲ့တာပါ" လို့ သူက မတ်လတုန်းက ပြောခဲ့ပါတယ်။ "ဖလစ် ကျွန်တော့်ဆီ ဖုန်းမခေါ်ခင်အထိ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမဖြစ်ခဲ့ပါဘူး။ နေ့တိုင်းလိုလို ကျွန်တော့်ကို အသင်းတစ်သင်းမဟုတ် တစ်သင်းက ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တယ်။ အခြေအနေတွေက ဖြစ်သင့်သလောက် မကောင်းမွန်ခဲ့ဘူးလေ။ မျှော်လင့်ထားတာထက် ပိုဆိုးတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ရပြီး လူတွေက ကျွန်တော့်ကို ထွက်သွားစေချင်နေကြသလို ကျွန်တော့်ရဲ့ အပြောင်းအရွှေ့သတင်းတွေကလည်း နေ့စဉ်ထွက်ပေါ်နေခဲ့တယ်။ အဲ့ဒီတုန်းက အသင်းကနေ ထွက်ဖို့ကို အလေးအနက် စဉ်းစားခဲ့ပါတယ်" လို့ ကစားသမားက ပြောပါတယ်။

ဧပြီလမှာတော့ အယ်လ်ဟီလယ်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၇ သန်း ၊ ဒေါ်လာ ၁၁၇ သန်း) နဲ့ လေးနှစ်စာချုပ်အတွက် လုပ်ခလစာ ယူရို သန်း ၁၇၀ (ပေါင် သန်း ၁၅၀ ၊ ဒေါ်လာ သန်း ၂၀၀ ) အထိပေးမယ့် သွားရည်ကျစရာ ကမ်းလှမ်းမှုတစ်ခု ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကသာဆိုရင် ဒီကမ်းလှမ်းမှုကို လက်ခံဖြစ်ခဲ့မှာပါလို့ သူက ဝန်ခံခဲ့ပါတယ်။

အခု ESPN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အသက် ၂၈ နှစ်အရွယ် ကစားသမားက ၂၀၂၄ ခုနှစ်တုန်းကသာ ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် "ဒါဟာ ကျွန်တော့်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်ခဲ့မှာပါ" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အသက် ၁၅ နှစ်ကတည်းက ဘောလုံးကစားလာတာပါ။ နေရာတိုင်းမှာ အကောင်းအဆိုးအချိန်တွေကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို ဂရုစိုက်ဖို့ အချိန်ကျပြီလို့ ထင်ခဲ့တဲ့ အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ ဆော်ဒီအာရေဗျက ကမ်းလှမ်းမှုက ကျွန်တော့်ကို တကယ်ပဲ စိတ်ယိုင်စေခဲ့ပါတယ်။ အဲ့ဒီကမ်းလှမ်းမှုက ကျွန်တော့်တစ်ယောက်တည်းရဲ့ဘဝကိုသာမကဘဲ ကျွန်တော့်မိဘတွေ၊ ကျွန်တော့်သား... လူတော်တော်များများရဲ့ ဘဝကိုပါ အဆင်ပြေစေမှာပါ"

"ဘာစီလိုနာကနေ ထွက်ခွာဖို့ ကျွန်တော်တို့ စဉ်းစားခဲ့ကြတာပေါ့။ ထွက်ခွာရမယ့်အချိန် ရောက်ပြီလို့ ကျွန်တော်ထင်ခဲ့မိတယ်။ ဒါပေမဲ့ နောက်တော့ ဖလစ်နဲ့ စကားပြောဖြစ်ခဲ့တယ်။ အစပိုင်းမှာ ဖုန်းနဲ့ပြောပြီး ရာသီကြိုမှာ ထပ်တွေ့ပြီး ပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို အသင်းမှာဆက်နေဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ အဲ့ဒီလို ဆက်နေဖြစ်ခဲ့တဲ့အတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။

ပေါ်တိုအလီဂရီဇာတိ တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်တွေ ချိုးဖျက်နိုင်ခဲ့ပြီး အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးများစွာ၊ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ချန်ပီယံလိဂ်ဟက်ထရစ်၊ ဆန်စီရိုမှာကစားခဲ့တဲ့ အင်တာမီလန်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ဆုံးမိနစ်မှာ အရေးပါတဲ့ အနိုင်ဂိုးတွေ အပါအဝင် အရေးကြီးတဲ့ပွဲစဉ်တွေမှာ အဖိုးတန်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၇ ပွဲမှာ ၃၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ၂၀၂၅ ခုနှစ် ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်မှာလည်း သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးအဖြစ် အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဗီတိုးရီးယားဒီဂွီမာရေးစ်အသင်းရဲ့ လူငယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီက စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် ၂၀၂၈ ခုနှစ်အထိ ကတ်တလန်မြေမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ သူဟာ ၂၀၂၅-၂၆ ရာသီအစမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပြီး လာလီဂါ ၆ ပွဲမှာ ၃ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကတ်တလန်အသင်းရဲ့ ဒဏ်ရာရကစားသမားပြဿနာဟာ ရာဖင်ညာရဲ့ပေါင်ခြံဒဏ်ရာကြောင့် ပိုမိုဆိုးရွားသွားခဲ့ပြီး ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ၂-၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ သူဟာ လာမယ့်သီတင်းပတ်အထိ ကွင်းဘေးမှာပဲ အနားယူရဖွယ်ရှိနေတာကြောင့် ဂျီရိုနာနဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ဖို့ သေချာသလောက်ရှိနေပါတယ်။အောက်တိုဘာလ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်အတွက်တော့ အချိန်မီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာနိုင်ဖွယ်ရှိနေပါတယ်။