လီဝန်ဒေါစကီးကို စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စကားဆိုလာတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က အခုနွေရာသီ၊ အသင်းမှထွက်ခွာတော့မယ့် တိုက်စစ်မှူးလီဝန်ဒေါစကီးအတွက် နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးက အခုနွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှထွက်ခွာမယ်လို့ အတည်ပြုခဲ့ပြီး အသက်-၃၇ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးကြီးရဲ့ကတ္တလန်ခရီးစဉ်နိဂုံးချုပ်မှု ဖြစ်လာခဲ့ပါတယ်။
လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ၁၉၁ ပွဲမှာ ၁၁၉ ဂိုးအထိ သွင်းယူပေးခဲ့ပြီး လာလီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလားအများအပြားရရှိအောင် ကူညီပေးခဲ့ပါတယ်။ သူက ဘာစီလိုနာရဲ့ဂန္ထဝင်တစ်ဦးအဖြစ် ထွက်ခွာသွားဖို့ရှိနေပြီး ဘက်တစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြဟန်စီဖလစ်ခ်ကိုယ်တိုင် သူ့ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဟန်စီဖလစ်ခ်က "ဒါ ပြီးပြည့်စုံတဲ့ နှုတ်ဆက်ပွဲတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး လီဝန်ဒေါစကီးက ဘာစီလိုနာကို နှလုံးသားထဲမှတဆင့် မြတ်နိုးတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ လီဝန်ဒေါစကီးကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။ သူက စိတ်ထားကောင်းသလို ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့နှစ် ၂၀ တာကာလအတွက် သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး သူ့နေရာမှာ အစားထိုးဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်းနဲ့ ဟန်ချက်ညီညီ ကစားနိုင်ပြီး အဓိကအားဖြင့် ဂိုးတွေသွင်းယူနိုင်မယ့် No.9 တိုက်စစ်မှူးတစ်ဦး လိုအပ်ပါတယ်။ လီဝန်ဒေါစကီးကတော့ ကျွန်တော်တို့အတွက် အံ့ဩစရာကောင်းတဲ့ အခိုက်အတန့်တွေ၊ သွင်းဂိုးတွေနဲ့ ဆုဖလားတွေကို ယူဆောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကို လွမ်းဆွတ်နေကြပါလိမ့်မယ်။ သူက ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦး ဖြစ်သလို လူကောင်းတစ်ဦးလည်း ဖြစ်ပါတယ်" လို့လည်း ဟန်စီဖလစ်ခ်က ဆက်ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကတော့ အမှတ်ပေးချန်ပီယံဆုရရှိအောင် အသင်းကို ဘယ်လိုဦးဆောင်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ဝါရင့်ကစားသမားတစ်ဦးကို ရှာဖွေနေတာကြောင့် ဒီတိုက်စစ်မှူးကြီးကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ လီဝန်ဒေါစကီးရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ မသေချာသေးဘဲ ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘယ်ကလပ်အသင်းဆီ သူပြောင်းရွှေ့မလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန်အများကြီး ရှိနေပါသေးတယ်။