ရာဖင်ဟာကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကို ရင်ဆိုင်ရတော့မယ့် ဘာစီလိုနာ
ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာကို ဆော်ဒီပရိုလိဂ်ကလပ်အသင်း အတော်များများက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာဟာ ဒီရာသီမှာ နည်းပြဟန်ဆီဖလစ်ရဲ့ အသင်းအတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး ပြိုင်ပွဲအရပ်ရပ် ၃၁ ပွဲ ကစားထားရာမှာ ၁၉ ဂိုးသွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သူပါ။
စပိန်သတင်းဌာန El Pais ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်သား ရာဖင်ဟာကို ဆော်ဒီကလပ်အသင်းအတော်များများက စိတ်ဝင်စားနေကြပြီး ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေဖို့လည်း အသင့်ရှိနေကြတယ်လို့ သိရပါတယ်။
အဆိုပါကလပ်အသင်းတွေဟာ တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့အတွက် ယူရို ၁၀၅ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြသလို သူ့ကိုလည်း တစ်ရာသီ လုပ်ခလစာအဖြစ် ယူရို ၃၅ သန်းအထိ ပေးချေသွားဖို့ ရှိနေတယ်လို့ နားလည်ရပါတယ်။