The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ မိုရာတာ

စပိန်အသင်း တိုက်စစ်မှူး မိုရာတာတစ်ယောက် ပြင်သစ်ကို အနိုင်ယူပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲမှာ အောင်ပွဲခံရင်း လုံခြုံရေးက ခြေချော်ကာ ဒူးကို တိုက်မိခဲ့တာကြောင့် ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။

စပိန်ဟာ ပြင်သစ်ကို နောက်ကနေလိုက်ကစားပြီး ၂-၁ နဲ့ အနိုင်ရခဲ့ကာ ယာမဲလ်က ချေပဂိုးနဲ့ အိုလ်မိုတို့က အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မူအာနီတစ်ယောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘာပေ၊ ဒမ်ဘီလီ၊ ဟာနန်ဒက်ဇ်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကို အနိုင်ရပြီးနောက် အောင်ပွဲခံချိန်မှာ မိုရာတာတစ်ယောက် ပါဝင်ခဲ့ပြီး လုံခြုံရေးနဲ့ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။  ရုပ်သံတစ်ခုမှာတော့ ပရိသတ်တွေက မိုရာတာနဲ့ဓာတ်ပုံရိုက်ဖို့ ဝင်လာချိန်မှာ လုံခြုံရေးက တားဆီးရင်း ထိခိုက်မိခဲ့တာဖြစ်ပြီး မိုရာတာကို အဆိုပါလုံခြုံရေးက ပြန်လည်တောင်းပန်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံတွေအရ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းဟာ ဒူးမှာပြဿနာရှိခဲ့ပြီး အသင်းဖော်တွေရဲ့အကူအညီနဲ့ ထွက်ခွာခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ “သူ(မိုရာတာ)ရဲ့ဒူးက လည်သွားတာဖြစ်နိုင်ပါတယ်။ အဲ့တာက တကယ့်ကံဆိုးမှုပါ။ သူကွင်းထဲကနေ ထွက်ခွာခဲ့ပေမယ့် အရမ်းမဆိုးဝါးဖို့ မျှော်လင့်ပါတယ်။ ဘယ်သူမှ ဒီလိုဖြစ်ချင်မှာမဟုတ်ပါဘူး”လို့ လိုင်နီကာက ပြောကြားခဲ့ပါတယ်။

စပိန်သတင်းဌာန မာကာကတော့ မိုရာတာအခြေအနေက အဆင်ပြေတယ်လို့ ဖော်ပြခဲ့ပြီး လာမယ့်ယူရိုဖိုင်နယ်မှာ ပါဝင်နိုင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ စပိန်နည်းပြ ဒီလာဖူအန်တီကလည်း မိုရာတာဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မိုရာတာအခြေအနေက မနက်ဖြန်အထိ စောင့်ကြည့်ရမှာပါ။ အရမ်းမပြင်းထန်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲ့တာက နာကျင်ပါတယ်။ ဒါပေမယ့် ဘာမှမဖြစ်ဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ သူက အသင်းအတွက် ဥပမာကောင်းဖြစ်သလို အကောင်းဆုံးအသင်းခေါင်းဆောင်ပါ။ အသင်းလိုအပ်တဲ့အချိန်မှာ သူကအမြဲကူညီပေးပါတယ်။ ကွင်းပြင်ပမှာလည်း သူက တကယ်ကောင်းတဲ့ကစားသမားပါ။ သူက စပိန်ဘောလုံးသမိုင်းရဲ့ဂန္ထဝင်တွေထဲက တစ်ယောက်ပါ”လို့ ဒီလာဖူအန်တီက ပြောကြားခဲ့ပါတယ်။ စပိန်ဟာ ယူရိုဖိုင်နယ်မှာ အင်္ဂလန် ဒါမှမဟုတ် နယ်သာလန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။