ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးနဲ့ အဆိုးဆုံးအချိန်တွေကိုဖွင့်ဟလာတဲ့ တယ်ရီ
တယ်ရီနဲ့ ပီတာချက်တို့ဟာ ချဲလ်ဆီးအသင်းမှာ အတူတူ ဆုဖလားပေါင်းများစွာ ဆွတ်ခူးခဲ့ဖူးသူတွေ ဖြစ်တာကြောင့် တယ်ရီရဲ့ အနှစ်သက်ဆုံးနဲ့ အဝမ်းနည်းဆုံး အချိန်တွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေနဲ့ ဆက်စပ်နေတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ တယ်ရီက "ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး အချိန်က ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရခဲ့တာပါ။ အဝမ်းနည်းရဆုံး အချိန်ကတော့ မော်စကိုမှာ ယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ပွဲပါ" လို့ ပြောပြခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ၂၀၀၈ ခုနှစ်က မော်စကိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲရှုံးတာတစ်ခုတည်းက တယ်ရီကို စိတ်နာကျင်စေခဲ့တာ မဟုတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးမဝင်ခဲ့တဲ့ ချဲလ်ဆီးကစားသမား နှစ်ယောက်ထဲမှာ သူလည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့လို့ပါ။
အဲ့ဒီအချိန်တုန်းက အသင်းခေါင်းဆောင် တယ်ရီဟာ သူ့ကြောင့် အသင်းရှုံးခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ လေးနှစ်အကြာမှာတော့ သူ့ကစားသမားဘဝရဲ့ အပျော်ဆုံးအချိန်ကို ဖန်တီးနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ အဲ့ဒီပွဲစဉ်ဟာလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ပဲ အနိုင်ရခဲ့တာပါ။
ရယ်စရာကောင်းတာတစ်ခုက တယ်ရီရဲ့ အနှစ်သက်ဆုံး အမှတ်တရဟာ သူကိုယ်တိုင် ပါဝင်မကစားခဲ့ရတဲ့ ပွဲကနေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ သူဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရလို့ ဗိုလ်လုပွဲကို လွဲချော်ခဲ့ရတာပါ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားကို မြှောက်ကိုင်လိုက်ရတဲ့ ခံစားချက်ကတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ကောင်းမွန်လွန်းလှတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။