The network connection is lost.

Banner Image

ဘာစီလိုနာမှာပဲ တစ်သက်လုံးကစားသွားချင်တယ်လိုဖွင့်ဟလာတဲ့ ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး လာမိုင်းယာမယ်လ်ဟာ လက်ရှိဘောလုံးလောကရဲ့ အလားအလာအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သလို၊ ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေရှိနေပေမယ့် သူ့ရဲ့ကစားသမားဘဝကို ဘာစီလိုနာနဲ့ပဲ ဖြတ်သန်းသွားလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယာမယ်လ်ဟာ ဂိုးတွေသွင်းယူနိုင်ရုံတင်မကဘဲ အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းမှာလည်း ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒီရာသီမှာ သူရဲ့စွမ်းဆောင်ရည်ဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် ဂိုးပါဝင်ပတ်သက်မှု နှစ်ဆနီးပါး ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

မကြာသေးမီက ကျင်းပခဲ့တဲ့ မွန်ဒိုဒီပို့တီဗိုရဲ့ ဆုပေးပွဲအခမ်းအနားမှာ ယာမယ်လ်က သူဟာ လက်ရှိထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ဦးမှာဖြစ်ကြောင်း ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။
"ဒီရာသီမှာ ကျွန်တော့်အတွက် အကောင်းဆုံးအချိန်က ဘယ်အချိန်လဲဆိုရင် အခုက အစပဲရှိပါသေးတယ်။ အကောင်းဆုံးတွေက ရှေ့မှာ လာဖို့ရှိပါသေးတယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေ ရောက်လာတော့မှာပါ" လို့ ယာမလ်က ဆိုပါတယ်။

အသင်းအပေါ် သစ္စာရှိမှုနဲ့ ပတ်သက်ပြီးတော့လည်း ယာမလ်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာဖို့ဆိုတာ သူ့စိတ်ထဲမှာ တစ်ခါမှ မရှိခဲ့ဖူးသလို ဘာစီလိုနာမှာပဲ တစ်သက်လုံး ကစားသွားဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ တစ်သက်တာလုံးကို ဘာစီလိုနာမှာပဲ ကုန်ဆုံးခွင့်ရဖို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမည့် အင်္ဂါနေ့ညမှာ ကစားရမယ့် အယ်လ်ဘာစီတီအသင်းနဲ့ ကိုပါဒီရေး ပွဲစဉ်အကြောင်းကိုလည်း ယာမယ်လ်က မှတ်ချက်ပေးခဲ့ပါတယ်။ "မနက်ဖြန်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ နေ့တစ်နေ့ပါ။ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်သလို ဒီဆုဖလားကိုလည်း ကျွန်တော်တို့ မဖြစ်မနေ အရယူရမှာပါ" လို့ သူက ဆိုပါတယ်။

နည်းပြ ဟန်ဆီဖလစ်အနေနဲ့ အဆိုပါပွဲစဉ်မှာ ယာမယ်လ်ကို အနားပေးပြီး ရွန်နီဘာဂျီကို ပွဲထွက်ကစားစေမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ယာမလ်အနေနဲ့ အဆိုပါပွဲမှာအနည်းဆုံး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားသွားဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။