ယာမယ်လ်အနေနဲ့ ဒီထက်ပိုပြီးကြိုးစားဖို့လိုနေသေးကြောင်းပြောကြားလာတဲ့ ပီဒရီ
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ပီဒရီက သူ့ရဲ့အသင်းဖော် လာမိုင်းယာမယ်လ်အနေနဲ့ လက်ရှိခြေစွမ်းမှာတင် အားရကျေနပ်မနေဖို့ ပြောကြားလိုက်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အသလက်တစ်ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ လာမိုင်းယာမယ်လ် သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို ပီဒရီက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ကွင်းလယ်လူ ပီဒရီက "ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ပြိုင်ဘက်က အတင်းဖိအားပေးကစားတတ်တဲ့ ကွင်းမျိုးဖြစ်လို့ ကစားရတာ ခက်ခဲပါတယ်၊ ကျွန်တော်တို့လည်း တော်တော်လေး ပင်ပန်းခဲ့ရပေမဲ့ ရှေ့ဆက်ဖို့အတွက် ဒါတွေက အရေးကြီးတဲ့ အမှတ်တွေပါပဲ။ ဒီနေ့ပွဲမှာ ကစားအား သိပ်မကောင်းခဲ့တာကြောင့် အင်္ဂါနေ့ပွဲစဉ်အတွက် လိုအပ်တာတွေကို ထပ်ပြီး ပြင်ဆင်သွားရပါဦးမယ်" လို့ ဆိုပါတယ်။
"ဖာမင်ရဲ့ လှုပ်ရှားမှုသာ မရှိခဲ့ရင် အဲ့ဒီဂိုးက ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပြီးတော့မှ သူ (လာမိုင်း) က ဂိုးရဲ့ ထောင့်စွန်းထဲကို လှလှပပ ကန်သွင်းယူခဲ့တာပါ။ ကျွန်တော်ကတော့ လာမိုင်းကို ဂိုးဖန်တီးပေးမှုအတွက် ကျေးဇူးတင်စရာမလိုကြောင်း ပြောခဲ့ပါတယ်။ သူက အရမ်းငယ်ပါသေးတယ်။ သူအနေနဲ့ ဒီလောက်နဲ့တင် အားရကျေနပ်မနေသင့်ဘဲ ဒီထက်ပိုပြီး ကြိုးစားသွားရမှာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။