The network connection is lost.

Banner Image

ဘောလွန်းဒီအော်ဆုကို စိတ်ဝင်စားခြင်းမရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားလိုက်တဲ့ ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် လာမိုင်းယာမယ်လ်က သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဘောလွန်းဒီအောဆုကို ရရှိဖို့အတွက် ကြီးကြီးမားမား ရည်မှန်းချက် ထားရှိခြင်း မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယာမယ်လ်ဟာ ပြီးခဲ့တဲ့ ရာသီက စပိန်ထိပ်သီး ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ၊ ကိုပါဒီရေးနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်အတွက် ပေးအပ်ခဲ့တဲ့ ဘလွန်းဒီအောဆု မဲပေးရွေးချယ်မှုမှာတော့ ပီအက်စ်ဂျီကြယ်ပွင့် အူစမန်ဒမ်ဘီလီရဲ့ နောက်မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အဆိုပါ ဆုပေးပွဲမှာ ယာမယ်လ်ဟာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် လူအများက သတ်မှတ်ထားကြတဲ့ စပိန်လူငယ်လေးအတွက်တော့ ဒီဆုဟာ မလုံလောက်သေးဘူးလို့ ပရိသတ်အများအပြားက ယူဆနေကြတာပါ။

အခုတစ်ပတ်အတွင်း မွန်ဒို ဒီပို့တီဗိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ယာမယ်လ်က သူဟာ ကိန်းဂဏန်း အချက်အလက်တွေထက် အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ကိုသာ အာရုံစိုက်နေတာကြောင့် ဘောလွန်းဒီအောဆုအကြောင်းကို သိပ်ပြီး စဉ်းစားမနေဘူးလို့ ဆိုပါတယ်။

"ကျွန်တော် အဲဒီဆုအကြောင်း မစဉ်းစားပါဘူး။ ဒါဟာ ကိုယ်စဉ်းစားနေရုံနဲ့ အဖြေထွက်လာမယ့် ဆုမျိုး မဟုတ်ပါဘူး။ ကိုယ် ဘာတွေအောင်မြင်ခဲ့လဲ၊ ဘယ်လိုကစားခဲ့လဲဆိုတာနဲ့ မဲပေးသူတွေအပေါ်မှာပဲ မူတည်နေတာပါ။ ဒါဟာ ကိုယ့်ရဲ့ ကစားပုံတစ်ခုတည်းအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တဲ့အရာ မဟုတ်ပါဘူး" လို့ ယာမယ်လ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းက "ကျွန်တော်ကတော့ ဘောလုံးကစားရတာကို ပျော်ရွှင်ချင်ရုံသက်သက်ပါပဲ။ ဘာစီလိုနာအသင်း၊ စပိန်လက်ရွေးစင်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေ ရယူချင်တာပါ။ ကျွန်တော့်ရဲ့ ကစားပုံက အဲဒီလို ကိန်းဂဏန်းတွေအပေါ်မှာ အခြေမခံပါဘူး" လို့ ဆက်လက် ဖွင့်ဟခဲ့ပါတယ်။

မိမိရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ ရှိနေခြင်းအပေါ်မှာလည်း ယာမယ်လ်က "ကျွန်တော် ကောင်းကောင်းကစားနိုင်တဲ့ အချိန်မှာ ဂိုးမသွင်းနိုင်တာမျိုး ရှိသလို၊ ဂိုးသွင်းနိုင်တဲ့ အချိန်မှာလည်း ကောင်းကောင်း မကစားနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဟာ အငြင်းပွားစရာတွေ ဖြစ်စေနိုင်ပေမဲ့ ကျွန်တော်ကတော့ အသင်းအနိုင်ရဖို့အတွက်ပဲ အကောင်းဆုံး ကစားသွားချင်ပါတယ်" လို့ ရှင်းလင်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်စူပါဖလားကို ရယူထားနိုင်ခဲ့ပြီး လာလီဂါ၊ ကိုပါဒီရေးနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရဖို့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာသာ ယာမယ်လ်အနေနဲ့ အောင်မြင်မှု ရယူနိုင်ခဲ့မယ်ဆိုရင် ၂၀၂၆ ခုနှစ်အတွက် ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။