ဘောလုံးမကန်ဘဲ အခြားအားကစားပဲသွားလုပ်လိုက်ပါလို့ မိုရာတာကို ဖာဘရီဂတ်စ်ပြင်းပြင်းထန်ထန်ဝေဖန်
ပြီးခဲ့တဲ့ စနေနေ့က ဖီအိုရင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကိုမိုအသင်းရဲ့ နည်းပြ စစ်ဖာဘရီဂတ်စ်က အယ်လ်ဗာရို မိုရာတာကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ စပိန်လက်ရွေးစင်အသင်းမှာ ဖာဘရီဂတ်စ်နဲ့အတူ ကစားဖော်ဖြစ်ခဲ့ဖူးတဲ့ မိုရာတာဟာ အဆိုပါပွဲစဉ်မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ကိုမိုအသင်းကတော့ ရုန်းကန်နေရတဲ့ ဖီအိုရင်တီးနားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပွဲအပြီးမှာ ဒေါသထွက်နေတဲ့ ဖာဘရီဂတ်စ်က "ရန်စတာတွေဆိုတာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ အဲဒါကို သည်းမခံနိုင်ဘူးဆိုရင် တခြားအားကစားပဲ သွားကစားလိုက်ပါ။ သူ့လို အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ဆီကနေ ဒီထက်မက ပိုပြီး မျှော်လင့်ထားခဲ့တာပါ။ ကျွန်တော်တို့တွေ ဆင်ခြေတွေ ပေးမနေသင့်သလို တခြားသူတွေ ကွင်းထဲမှာ ဘာလုပ်လုပ် ဂရုစိုက်နေစရာ မလိုပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖာဘရီဂတ်စ်က "ဒီပွဲရဲ့ အရေးကြီးပုံကို ကစားသမားတွေ နားလည်အောင် မလုပ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝ အတွေ့အကြုံတွေကို သူတို့ကို ပြောပြခဲ့တယ်၊ အလွန်အကျွံတောင် ဖြစ်သွားမလားပဲ၊ ဒါပေမဲ့လည်း အဲဒါက မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့က လူငယ်အသင်းတစ်သင်းပါ" လို့ ဆိုပါတယ်။
"ဒုတိယပိုင်းကတော့ ဘောလုံးပွဲတစ်ပွဲလိုတောင် မဟုတ်တော့ပါဘူး။ အဲဒါကို ခဏထားဦး၊ ဘောလုံးပွဲတစ်ခုကို နိုင်ချင်ရင် မှန်ကန်တဲ့ စိတ်ဓာတ်တက်ကြွမှုနဲ့ ခွန်အားတွေ ရှိဖို့ လိုပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ဒီအချက်တွေကို ကစားသမားတွေဆီ ရောက်အောင် မပြောနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘောထားပိုင်းမှာ မှားယွင်းခဲ့တယ်၊ နိုင်ချင်စိတ် ဒီထက်ပိုပြီး ပြသဖို့ လိုပါတယ်" လို့ ၎င်းက ပြောပါတယ်။
"ပထမပိုင်းကိုလည်း ကျွန်တော် သိပ်သဘောမကျပါဘူး၊ ဒုတိယပိုင်းကတော့ ထပ်ပြောရရင် ဘောလုံးပွဲတစ်ပွဲ မဟုတ်တော့ပါဘူး" လို့လည်း ဖာဘရီဂတ်စ်က နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။