နူးကမ့်နိုင်ပွဲအပြီး ဘာစီလိုနာအသင်းဆီ သတင်းစကားတစ်ခု ပေးပို့ခဲ့တဲ့ ရာဖင်ဟာ
အင်္ဂါညပိုင်း၊ နူးကမ့်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ဦးဆောင်နိုင်ပြီးနောက် မှန်ကန်တဲ့စိတ်ဓါတ်ပိုင်းကို သူတို့အသင်း ပြသနိုင်ခဲ့တယ်လို့ ဘာစီလိုနာကြယ်ပွင့်ရာဖင်ဟာ ယုံကြည်နေပါတယ်။
အခုပွဲစဉ်မှာ အက်သလက်တီကိုက ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရာဖင်ဟာက ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ လီဝန်ဒေါစကီးရဲ့ပယ်နယ်တီကန်ချက် လွဲချော်မှုရှိခဲ့ပေမယ့် ဒါနီအိုလ်မို၊ ဖာရန်တောရက်စ်တို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာတို့ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ရာဖင်ဟာက ဆီမြွန်နီရဲ့အသင်းကို အနိုင်ယူဖို့အတွက် အပြင်းအထန်ကြိုးစားအားထုတ်မှုနဲ့ စရိုက်လက္ခဏာပိုင်းဟာ အဓိကကျခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရာဖင်ဟာက “ ကိုယ့်အလုပ်အပေါ် ယုံကြည်မှုရှိနေဖို့သာ အရေးအကြီးဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်း ရှုံးနိမ့်သွားနိုင်တဲ့ပွဲစဉ်တွေ အများကြီးရှိနေပါသေးတယ်။ ဒီအတွက်လည်း ပြင်ဆင်ထားရပါမယ်။ အခုတော့ ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒါက အခုလိုပွဲစဉ်မျိုးကို အနိုင်ရရှိဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ စိတ်ဓါတ်ပိုင်းပါပဲ။
ဦးဆောင်ဂိုးပေးလိုက်ရတဲ့အခြေအနေမျိုး ရှိနိုင်ပေမယ့် အခုပွဲစဉ်လိုမျိုးပဲ စိတ်ဓါတ်မကျဘဲ ကိုယ့်ရဲ့ပွဲစဉ်ဆီ ပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ အခုပွဲစဉ်က ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့ရာသီလိုပဲ သူတို့တွေ ဦးဆောင်ဂိုးသွင်းယူနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်အမြင်အရ ပြိုင်ဘက်ကို ပိုပြီးဖိအားပေးနိုင်လေလေ၊ ပြိုင်ဘက်ရဲ့ဂိုးပေါက်နဲ့ နီးစပ်လေလေလို့ ထင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ဂိုးတွေသွင်းယူဖို့ အခွင့်အရေးတွေ ပိုရလာပါလိမ့်မယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း လူစားလဲလှယ်ပေးဖို့တောင်းဆိုခဲ့တဲ့ ရာဖင်ဟာက ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ ပင်ပန်းနွမ်းလျမှုကြောင့်သာ အခုလိုတောင်းဆိုခဲ့တာပါလို့ ရှင်းပြပါတယ်။ သူက “ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံဆီ ပြန်ရောက်ရှိဖို့ ကြိုးစားနေရပါတယ်။ ဒီနေ့မှာ အကောင်းဆုံးပုံစံရရှိတယ်လို့ ခံစားမိပေမယ့် အနည်းငယ်တော့ ပင်ပန်းနွမ်းလျခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဆက်မကစားနိုင်တော့လို့ လူစားလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ပက်ဒရီနဲ့ ကျွန်တော်တို့နှစ်ဦးလုံးအတွက် ကျွန်တော်တို့နေရာမှာ အစားထိုးပေးနိုင်မယ့် အရည်အသွေးမြင့်ကစားသမားတွေ ရှိပါတယ်။
ကျွန်တော်တို့တွေ တစ်ပွဲပြီးတစ်ပွဲ ယုံကြည်မှုရရှိလာပြီလို့ ထင်ပါတယ်။ ဒါက အမှတ်ပေးပြိုင်ပွဲအတွက် အဓိကကျတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီနေ့ပွဲစဉ်သုံးမှတ်ဆိုတာလည်း လိဂ်ပြိုင်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိပါတယ်။ တစ်ပွဲချင်းစီ အမှတ်တွေစုဆောင်းထားနိုင်မယ်ဆိုရင် အရာရာတိုင်း ပိုကောင်းလာပါလိမ့်မယ်”လို့ ဆိုပါတယ်။