The network connection is lost.

Banner Image

ရာဖင်ဟာ ဘာကြောင့်ဘောလွန်းဒီအော်ဆုမရခဲ့သလဲ နားမလည်နိုင်ဘူးလို့ ပြောကြားလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက ဗုဒ္ဓဟူးနေ့နံနက်က လာလီဂါပွဲစဉ်မှာ အသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာဟာ စွယ်စုံရကစားသမားတစ်ဦးဖြစ်တာကြောင့် ဘာကြောင့်ဘောလွန်းဒီအော်ဆုကို မရခဲ့သလဲ နားမလည်နိုင်ဘူးလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ အက်သလက်တီကိုဟာ ဘာစီလိုနာကို ဦးဆောင်ဂိုးစတင်သွင်းယူခဲ့တာဖြစ်ပေမယ့် ရာဖင်ဟာ၊ အိုလ်မိုနဲ့ ဖာရန်းတောရက်စ်တို့ရဲ့ဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် စပေါ်တီဖိုင်းနူးကမ့်မှာ ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ယခုရှုံးပွဲကြောင့် အက်သလက်တီကိုရဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက်အနိုင်ရရှိထားတဲ့ မှတ်တမ်းလည်းကျိုးပျက်သွားခဲ့ပေမယ့် ဆီမြွန်နီကတော့ ပြိုင်ဘက်ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ ဆီမြွန်နီက "ကျွန်တော်တို့ဒီပွဲမှာ အစကောင်းခဲ့ပြီး ဦးဆောင်ဂိုးလည်း အရင်သွင်းနိုင်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ သူတို့နောက်တန်းကို ကောင်းကောင်းဒုက္ခပေးပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ပိုကောင်းခဲ့ပါတယ်"

"ကျွန်တော်တို့ အနိုင်ရလဒ်ကိုမထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းရဲ့ကစားပုံကိုတော့ ကျွန်တော်သဘောကျပါတယ်။ ကစားသမားတိုင်းလိုလိုခြေစွမ်းပြခဲ့ပြီး ဘာစီလိုနာရဲ့ခံစစ်ကို ခြိမ်းခြောက်မှုတွေအများကြီးပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲကခြေစွမ်းအတိုင်းဆို အသင်းကတိုးတက်လာဦးမှာပါ။ လာမယ့် ဘီလ်ဘာအိုနဲ့ပွဲအတွက် အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆီမြွန်နီဟာ ယခင်ကလည်း ရာဖင်ဟာကို အလွန်ချီးကျူးခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ ဘရာဇီးသားနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ ထပ်မံပြုလုပ်လာခဲ့ပါတယ်။ အာဂျင်တီးနားသားနည်းပြက "ရာဖင်ဟာက မယုံနိုင်စရာကစားသမားပါ။ ဘယ်နေရာမှာမဆိုကစားနိုင်ပါတယ်။ ကွင်းလယ်တောင်ပံ၊ ကွင်းလယ်ဗဟို၊ တိုက်စစ်မှူး ဒါမှမဟုတ် နောက်ခံလူအနေနဲ့တောင် ကစားနိုင်တဲ့သူပါ"

"သူက ဂိုးတွေသွင်းနိုင်သလို၊ ဖန်တီးမှုနဲ့ ပြိုင်ဘက်ကိုဖိအားပေးမှုတွေလည်း လုပ်နိုင်ပါတယ်။ အမြန်နှုန်းလည်း အတော်လေးရှိတဲ့သူပါ။ သူဘာကြောင့် ဘောလွန်းဒီအော်မရခဲ့သလဲဆိုတာတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘောလွန်းဒီအော်ဆုအတွက် သူ့ကိုအမြဲတမ်းရွေးချယ်မှာပါ" လို့ပြောကြားခဲ့ပါတယ်။

ပွဲအစ ၁၄ မိနစ်မှာဒဏ်ရာရခဲ့တဲ့ အသင်းရဲ့ကစားသမား ကာဒိုဆိုနဲ့ပတ်သက်ပြီးတော့လည်း ဆီမြွန်နီက "သူက ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။ အရည်အသွေးရှိပြီး နေရာစုံမှာကစားနိုင်ပါတယ်၊။ ပွဲအစမှာ ဒဏ်ရာရသွားတာကတော့ အတော်လေးဆိုးပါတယ်။ သူ့အတွက်ကံမကောင်းဘူးလို့ပဲပြောရမှာပါ" လို့ပြောကြားခဲ့ပါတယ်။