The network connection is lost.

Banner Image

အဝေးကွင်းသရေပွဲစဉ်အပြီး ကစားသမားတွေ အမြန်ဆုံးပြန်လာဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက ဆန်းဒါးလန်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့အဝေးကွင်းပွဲစဉ်အပြီး လက်ရှိကြုံတွေ့နေရတဲ့ တိုက်စစ်ပိုင်းအကျပ်အတည်းနဲ့ပတ်သက်လို့ နိုင်ငံတကာသီတင်းပတ်အပြီးမှာ သူ့ရဲ့အသင်းဆီ ကစားသမားတွေ မဖြစ်မနေပြန်လာဖို့ လိုအပ်နေပြီလို့ အလေးပေးပြောကြားခဲ့ပါတယ်။
စပိန်သားနည်းပြက Stadium of Light မှာ နှစ်ဂိုးသွင်းယူနိုင်ပေမယ့် ပွဲချိန်အများစုရုန်းကန်နေခဲ့ရတဲ့ တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ သူ့ရဲ့တိုက်စစ်မှူးတွေ ဒဏ်ရာရရှိနေမှုအတွက် ညည်းညူပြောဆိုခဲ့ပါတယ်။

beIN Sports နဲ့ အင်တာဗျူးမှာ အာတီတာက “ ကျွန်တော်တို့တွေ ဆက်လက်တိုးတက်လာအောင် လုပ်ဆောင်သွားရပါမယ်။ ပြီးခဲ့တဲ့ကာလတွေအတွင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ပတ်သက်လို့ အသိအမှတ်ပြုပေးဖို့လည်း လိုအပ်ပါတယ်။ နှစ်လလောက်နီးပါး တိုက်စစ်ပိုင်းမှာ ကစားသမားတွေ ဆုံးရှုံးခဲ့ရလို့ နိုင်ငံတကာသီတင်းပတ်အပြီး ကစားသမားတွေ မဖြစ်မနေပြန်လာဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် အသင်းအနေနဲ့ လုပ်ပြခဲ့တဲ့အရာတွေအတွက် အထူးအသိအမှတ်ပြုပါတယ်”လို့ ပြောပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန်မှာလည်း ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုရဲ့သဘောသဘာဝနဲ့ပတ်သက်လို့ အာတီတာက “ ကျွန်တော်တို့အတွက် ရွေးချယ်စရာ အလွန်နည်းပါးခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း ဒီအတိုင်းပါပဲ၊ အဲ့ဒီလိုအခိုက်အတန့်တွေကို ဖြတ်သန်းသွားရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က အခုအချိန်အထိ အကောင်းဆုံးလုပ်ပြထားနိုင်ပါတယ်။ ဒါကြောင့် အသင်းကို ဂုဏ်ပြုပါတယ်”လို့ ရှင်းပြသွားခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က စနေညပိုင်းပွဲစဉ်တွေအပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးကို ခြောက်မှတ်၊ တစ်ပွဲလျော့မန်စီးတီးကို ခုနစ်မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးက ဒီည၊ အီတီဟတ်မှာ လီဗာပူးကို ဧည့်ခံကစားရပါမယ်။ ဒါကြောင့် ဒီည၊ အီတီဟတ်ကွင်းပွဲစဉ်မှာ သရေကျဖို့ မျှော်မှန်းထားပါသလားဆိုတဲ့ မေးခွန်းကို အာတီတာက ရယ်မောလျက် “ အဲ့ဒီပွဲစဉ်ကို ကျွန်တော် သေချာပေါက်စောင့်ကြည့်သွားပါမယ်။ ကြည့်ကြသေးတာပေါ့၊ ဒါက ကျွန်တော်ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

လာမယ့်နိုင်ငံတကာသီတင်းပတ်အပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန် အာဆင်နယ်က ခါးသီးပြိုင်ဘက်တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။