The network connection is lost.

Banner Image

ဆီနီဂေါနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အက်စ်တီဗာအိုကို အန်ဆယ်လော့တီ ချီးကျူး

ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက စနေနေ့ညက ဆီနီဂေါကို အနိုင်ရခဲ့တဲ့ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ အသင်းအတွက်ဂိုးသွင်းယူပေးခဲ့တဲ့လူငယ်တောင်ပံကစားသမားလေး ဝီလီယံအက်စ်တီဗာအိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးကြယ်ပွင့်ဟာ ထိပ်တန်းခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာကြောင့် အန်ဆယ်လော့တီက သူ့အနေနဲ့အတော်လေး အံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။ အက်စ်တီဗာအိုဟာ ဘရာဇီးအတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် နာရီဝက်မပြည့်မီမှာပဲသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးမှာလည်း တောက်လျှောက်ခြေစွမ်းပြသနေခဲ့တဲ့အက်စ်တီဗာအိုဟာ ယခုအခါ ဘရာဇီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အန်ဆယ်လော့တီက "ဗင်နီစီးယက်စ်က ရိုဒရီဂိုနဲ့ နေရာလဲပြီးကစားနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်က ဘယ်ဘက်ခြမ်းမှာကစားနေချိန် အက်စ်တီဗာအိုက ညာဘက်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ခဲ့ပါတယ်။ မယုံနိုင်စရာအရည်အချင်းရှိတဲ့ကောင်လေးပါ"

"ဒီလောက်ငယ်ရွယ်တဲ့ကစားသမားက ဒီလောက်အထိအရည်အချင်းရှိတယ်ဆိုတာ ကျွန်တော့်အတွက်တောင် အံ့အားသင့်စရာဖြစ်စေပါတယ်။ ဒီနေ့ သူ့ရဲ့ဂိုးသွင်းပုံက အရမ်းတိကျပြီး ရင့်ကျက်ပါတယ်။ သူ့ကိုပိုင်ဆိုင်ထားတာ ဘရာဇီးရဲ့အနာဂတ်အတွက် လုံခြုံမှုရှိစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အသက်-၁၈ နှစ်အရွယ်သာရှိသေးပေမယ့် အက်စ်တီဗာအိုဟာ နည်းပြကြီးအန်ဆယ်လော့တီရဲ့ချီးကျူးပြောဆိုမှုကို ရရှိထားတာကြောင့် ဘရာဇီးလက်ရွေးစင်အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာကို အပိုင်ရဖို့ အခွင့်အရေးများလာခဲ့ပါတယ်။

ဆက်လက်ပြီး အီတလီသားနည်းပြက "အက်စ်တီဗာအိုနဲ့ မီလီတာအိုတို့ရဲ့အတွဲအဖက်ကို ကျွန်တော်အရမ်းစိတ်‌ကျေနပ်ပါတယ်။ မီလီတာအိုကလည်း ရုပ်ပိုင်းဆိုင်ရမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံးအခြေအနေဖြစ်နေပါတယ်။ ၂ နှစ်လောက် ဒဏ်ရာနဲ့ရုန်းကန်ခဲ့ရတာက သူ့ကိုစိတ်ပိုင်းဆိုင်ရာ ပိုမိုရင့်ကျက်လာစေတယ်လို့ထင်ပါတယ်။ အသင်းရဲ့နောက်တန်းက ခိုင်ခံ့တယ်လို့ ပြောရပါမယ်" လို့ပြောကြားခဲ့ပါတယ်။