အောင်မြင်မှုရရှိဖို့အတွက် ယူနိုက်တက်ဟာ နည်းပြအာမိုရင်ကို အပြည့်အဝထောက်ခံနေဖို့ လိုအပ်ကြောင်းပြောကြားလာတဲ့ နာနီ
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားဟောင်း လူးဝစ်နာနီက အသင်းအနေနဲ့ ဒီရာသီမှာ အောင်မြင်မှုတွေရရှိဖို့အတွက် နည်းပြ ရူဘင်အာမိုရင်ကို အပြည့်အဝထောက်ခံအားပေးသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုနှစ်ရာသီအစမှာ ရှုံးပွဲတွေမကြာခဏကြုံတွေ့ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကို စောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ အာမိုရင်ရဲ့နည်းစနစ်တွေက အလုပ်ဖြစ်လာတာကြောင့် ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် မရှုံးခဲ့ဘဲ ၃ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။
ခြေစွမ်းပိုင်းသိသိသာသာတိုးတက်လာခဲ့တဲ့ယူနိုက်တက်ဟာ ရှုံးပွဲတွေကို ရှောင်လွှဲလာနိုင်တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး လက်ရှိချန်ပီယံလီဗာပူးထက်တောင် အဆင့်ပိုကောင်းနေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ နာနီက "လွန်ခဲ့တဲ့ နှစ်တွေတုန်းက အသင်းမှာနည်းပြကောင်းတွေရှိခဲ့ပေမယ့် သူတို့အားလုံးက အသင်းရဲ့မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လက်ရှိအချိန်က ယူနိုက်တက်အတွက် အရမ်းအရေးကြီးပါတယ်။ အသင်းရဲ့မန်နေဂျာက နာမည်ကောင်းရဖို့နဲ့ ကောင်းမွန်တဲ့မှတ်တမ်းတွေရှိဖို့ပဲလိုအပ်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ဆိုတာ သမိုင်းအမွေအနှစ်တွေနဲ့ အောင်မြင်မှုတွေအများကြီးရထားတဲ့ကလပ်ဖြစ်နေတာကြောင့်ပါ"
"ဆာအဲလက်စ်ဖာဂူဆန်လိုနည်းပြတစ်ယောက်က အသင်းအတွက် အရမ်းကြီးမားတဲ့သမိုင်းအမွေအနှစ်တွေချန်ထားခဲ့တာကြောင့် ယူနိုက်တက်ကိုရောက်လာတဲ့ ဘယ်သူမဆို ဖိအားတွေရှိနေမှာပါပဲ။ ဘယ်သူကမှ အသင်းမှာမျှော်လင့်ထားတာတွေကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့မလွယ်ပါဘူး"
"ဒါကြောင့် ကလပ်ကိုရောက်လာတဲ့ဘယ်သူမဆို အသင်းရဲ့ ပံ့ပိုးမှု၊ ကလပ်ပိုင်ရှင်ရဲ့ပံ့ပိုးမှုတွေလိုအပ်ပါတယ်။ ပြီးတော့ သူတို့အနေနဲ့ ယူနိုက်တက်ကို ကိုယ့်အိမ်လိုခံစားရဖို့၊ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ပုံမှန်အတိုင်းဆက်သွားနိုင်ဖို့နဲ့ အသင်းကြီးတစ်သင်းအဖြစ်ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်ရှိသေးတယ်ဆိုတာသိနေဖို့ လိုအပ်ပါတယ်။ အခုဆိုရင် အသင်းက အတော်လေးအလုပ်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် လိဂ်ရဲ့တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီ အာမိုရင်ရဲ့လက်အောက်မှာ ယူနိုက်တက်အနေနဲ့ တိုးတက်မှုတွေရှိလာကြောင်း သိသိသာသာမြင်တွေ့ထားရပြီး ဖာဂူဆန်ထွက်ခွာသွားခဲ့တဲ့ ၁၀ နှစ်ကျော်ကြာကာလအတွင်း လက်ရှိယူနိုက်တက်ရဲ့လူစာရင်းဟာ အရင်ကလူစာရင်းတွေထက် ပိုမိုအားကောင်းနေတယ်လို့လည်းဆိုရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဒီရာသီမှာ ဆန်းဒါးလန်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်တစ်ပွဲတည်းမှာသာ ဂိုးမပေးခဲ့ရဘဲ ကျန်တဲ့အခြားပွဲစဉ်တိုင်းမှာဂိုးတွေခွင့်ပြုထားခဲ့ရတာကြောင့် တိုးတက်မှုတွေရှိလာဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် အာမိုရင်အနေနဲ့ အသင်းကို ဥရောပဝင်ခွင့်တစ်နေရာရရှိစေဖို့အတွက် လက်ရှိအခြေအနေနဲ့ ရပ်တန့်မနေဘဲ အခုထက်ပိုပြီး ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။