ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းမှာ မန်စီးတီးက အာဆင်နယ်အတွက် အလွန်ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာဦးမယ်လို့ ပေါလ်စခိုးလ်သုံးသပ်
လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အာဆင်နယ်ဟာ ထိပ်ဆုံးကနေ ၄ မှတ်ဖြတ်ဦးဆောင်နေပေမယ့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကတော့ ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့အတွက် အာဆင်နယ်အနေနဲ့ မန်စီးတီးကို ခက်ခက်ခဲခဲကျော်ြဖတ်သွားရနိုင်ကြောင်း သုံးသပ်ပြောကြားလာခဲ့ပါတယ်။
ပေါလ်စခိုးလ်က မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ မကြာခဏဆိုသလို ချန်ပီယံဖြစ်ခဲ့ဖူးတာကြောင့် အဆိုပါအတွေ့အကြုံတွေနဲ့ အာဆင်နယ်ကို အသာရပြီး ကျော်ဖြတ်သွားနိုင်တယ်လို့ မီးမောင်းထိုးပြလာခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ လက်ရှိချန်ပီယံလီဗာပူးကို ၃-၀ နဲ့ပြတ်ပြတ်သားသားအနိုင်ယူပြီး ချန်ပီယံခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။
အဆိုပါအနိုင်ရလဒ်ကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ကြားက ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဆက်လက်စိန်ခေါ်သွားမှာဖြစ်ကြောင်း သက်သေပြသလိုက်သလို ဖြစ်ခဲ့ပါတယ်။ ယခုအခါမှာ ပေါလ်စခိုးလ်က "ပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲက မန်စီးတီးက ကျွန်တော့်ဘဝတစ်လျှောက် အထင်အကြီးခဲ့ရဆုံး မန်စီးတီးပါပဲ။ သူတို့က ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းထဲ ဆက်လက်ကျန်ရှိနေတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။ ဒီရာသီမှာ အာဆင်နယ်ထက် သူတို့က ချန်ပီယံဖြစ်ဖို့ ပိုပြီးတော့ အလားအလာရှိနေတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့သူတို့လုပ်ပြခဲ့တာက ချန်ပီယံအသင်းတစ်သင်းရဲ့စွမ်းဆောင်ရည်ဖြစ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးကိုအနိုင်ရခဲ့တဲ့ မန်စီးတီးရဲ့စွမ်းဆောင်ရည်ဟာ ချီးကျူးလောက်စရာဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာ ဆန်းဒါးလန်းလို တန်းတက်အသင်းကို ၂-၂ နဲ့သရေကျခဲ့တဲ့ အာဆင်နယ်ကတော့ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုး ထိန်းသိမ်းထားနိုင်ခြင်းမရှိပါက ရာသီကုန်ရင် ဒုတိယနေရာနဲ့ကျေနပ်ရနိုင်ကြောင်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။
အဆိုပါပွဲစဉ်မှာ ဘူကာယိုဆာကာနဲ့ ဒီကလန်ရိုက်စ်တို့က အာဆင်နယ်အတွက် ခြေစွမ်းပြသခဲ့ပြီး အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ဖို့နီးစပ်ခဲ့ပေမယ့် ပွဲပြီးကာနီးမှာ ချေပဂိုးခွင့်ပြုခဲ့ရတာကြောင့် သရေရလဒ်သာရရှိခဲ့ကာ မန်စီးတီးနဲ့ ၄ မှတ်ကွာအနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ချန်ပီယံဆုကို အသေအချာရယူလိုပါက လာမယ့်ပွဲစဉ်တွေတိုင်းမှာ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုး ပြသသွားနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။