အယ်လ်ကလက်စီကိုပွဲစဉ်အပြီး စွမ်းဆောင်ရည်ကျဆင်းသွားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အခြေအနေကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေ
ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီးမှာ စွမ်းဆောင်ရည်ပိုင်းအတော်လေးကျဆင်းသွားခဲ့တာကြောင့် အသင်းရဲ့အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေရှိလာတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အနေနဲ့နည်းပြဇာဘီအလွန်ဆိုလက်ထက်မှာ ဘာစီလိုနာကို ပြန်လည်အနိုင်ရရှိခဲ့တာကြောင့် စိတ်ဓာတ်ပိုင်း တိုးတက်မြင့်မားလာမယ်လို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ဆိုသလို ရလဒ်ပိုင်းတွေ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ပွဲစဉ်မှာ တောင်ပံကြယ်ပွင့်ကစားသမား ဗင်နီစီးယက်စ်ဟာနည်းပြ အလွန်ဆိုနဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး နောက်ပိုင်းမှာ ဘရာဇီးသားက ပြန်လည်တောင်းပန်ခဲ့ပေမယ့် အလွန်ဆိုနဲ့ ရီးရဲလ်ကစားသမားတွေအကြားမှာ ဆက်ဆံရေးတင်းမာနေဆဲဖြစ်ကြောင်း သတင်းတွေလည်းထွက်ပေါ်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးကို ချန်ပီယံလိဂ်မှာ ၁-၀ နဲ့အရေးနိမ့်ခဲ့သလို၊ ဗယ်လက်ကာနိုကိုလည်း ၀-၀ နဲ့သရေကျခဲ့တာကြောင့် ဆုတ်ယုတ်သွားတဲ့ အသင်းရဲ့ခြေစွမ်းအပေါ် မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်။ အလွန်ဆိုအနေနဲ့ အသင်းကို ၆ လကြာကိုင်တွယ်ထားပြီးဖြစ်ပေမယ့် တည်ငြိမ်တဲ့ပုံစံ မထိန်းသိမ်းနိုင်သေးသလို၊ ကစားသမားတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမတည်ဆောက်နိုင်သေးတာကြောင့် ပရိသတ်တွေအနေနဲ့ အသင်းရဲ့အခြေအနေကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင်တစ်ချိန်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်ကစားသမားတွေသာမက အသင်းရဲ့ အထက်ပိုင်းအရာရှိတွေဟာ နည်းပြအလွန်ဆိုအပေါ်မှာ ယုံကြည်မှုမရှိကြဘူးလို့လည်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။ အလွန်ဆိုရဲ့ဦးဆောင်မှုအောက်မှာ ရီးရဲလ်ဟာ ရလဒ်ပိုင်းအခြေအနေကောင်းမွန်ပေမယ့် ကစားပုံကတော့ ထင်သလောက်မကောင်းဘူးလို့လည်း ဝေဖန်ခံထားရတာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အလွန်ဆိုအနေနဲ့ အသင်းရဲ့ ကစားပုံကို ရလဒ်နဲ့တစ်သားတည်းဖြစ်စေမယ့်စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ကစားသမားတွေထံမှ ယုံကြည်မှုကိုလည်း တည်ဆောက်သွားဖို့လိုအပ်မှာဖြစ်ပါတယ်။