The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အမ်ဘာပေ

အမ်ဘာပေက အခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်မှုတွေ ရရှိခဲ့ပေမယ့် သူ့ရဲ့ဦးစားပေးရွေးချယ်မှုဟာ ရီးရဲလ်မက်ဒရစ်သာဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အသင်းသစ်မှာ ကျောနံပါတ်-၁၀ ဂျာစီ မဝတ်ဆင်ဖြစ်တဲ့အကြောင်းရင်းကိုလည်း ရှင်းပြလိုက်ပါတယ်။

ယမန်နေ့(အင်္ဂါနေ့)၊ ဘာနေဗျူးကွင်းရှိ ပရိသတ် ၈၀,၀၀၀ ကျော်ရှေ့မှောက် အသက်-၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမား ပေါ်ထွက်လာခဲ့ပြီး သူရဲ့အိပ်မက်တွေ လက်တွေ့ဖြစ်လာပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက အခြားကလပ်အသင်းတွေထက် စပိန်ဘီလူးကြီးကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ကျောနံပါတ်-၁၀ ဝတ် လူကာမိုဒရစ်ကို ဂုဏ်ပြုကာ ကျောနံပါတ်-၉ ဂျာစီကို ဝတ်ဆင်သွားမယ့်အကြောင်း ပြောပြသွားခဲ့ပါတယ်။

မိတ်ဆက်မှုအခမ်းအနားမှာ အမ်ဘာပေက “ ကျွန်တော်တို့အသင်းမှာ မိုဒရစ်ရှိပါတယ်။ ကျောနံပါတ်-၉ နဲ့ ၁၀ ဖြစ်တာကြောင့် အဝတ်လဲခန်းအတွင်း သူရဲ့ဘေးမှာ ရှိနေရတာ ဂုဏ်ယူမိပါတယ်။ တကယ်တော့ အရေးမကြီးလှပါဘူး။ ကျွန်တော့်ဂျာစီရဲ့ကျောဘက်မှာ ဘာရှိနေသလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း မမြင်ရပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ရှေ့မှာရှိနေတဲ့ ဂိုးပေါက်ကိုပဲ မြင်ပါတယ်။ ဘယ်နံပါတ်နဲ့ပဲဖြစ်ဖြစ် ကျွန်တော် ဘောလုံးကစားနိုင်ပါတယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ဖြစ်ခဲ့ပုံနဲ့စပ်လျဉ်းလို့ သူက “ဒီလိုအခိုက်အတန့်ရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ရီးရဲလ်မက်ဒရစ်ကသာ တစ်ခုတည်းသော အဖြေဖြစ်ပါတယ်။ ကျွန်တော့်ဆီ အခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အတွက်သာ ပါရီမြေမှထွက်ခွာမယ်ဆိုတဲ့ တစ်ခုတည်းသောအဖြေကိုပဲ ပြန်ပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေအနက် တစ်ဦးဖြစ်သလို လက်ရှိမှာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းအတွက် ပါဝင်ကစားပေးဖို့ ပြင်ဆင်နေပါပြီ။ ကလပ်အသင်းဖော်သစ်တွေနဲ့အတူ စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ထားတဲ့ ကလပ်ဂန္တဝင် မိုဒရစ်ကို လေးစားမှုပြသခြင်းအဖြစ် စီရော်နယ်ဒို၊ ဘန်ဇီးမားနဲ့ ရိုနယ်လ်ဒိုတို့လို ကျောနံပါတ်-၉ ဂျာစီကို ဝတ်ဆင်ဖို့ အမ်ဘာပေ ဆုံးဖြတ်ခဲ့ပါတယ်။

နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိခဲ့တဲ့ စိတ်ပျက်ဖွယ်ယူရိုခရီးစဉ်အပြီး အမ်ဘာပေက ကလပ်အသင်းသစ်နဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေ စတင်သွားပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ကလည်း လာမယ့်ဘောလုံးရာသီမှာ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်လက်ရှိချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။