
အေစီမီလန်အတွက် နောက်ကွယ်မောင်းနှင်အားတစ်ခုအကြောင်း ထုတ်ဖော်ပြောပြလာတဲ့ ရာဘီယော့
အေစီမီလန်ကွင်းလယ်ကစားသမားရာဘီယော့က ကလပ်အသင်းဖော်လူကာမိုဒရစ်ကို လှုံ့ဆော်မှုတစ်ခုအဖြစ်၊ အားလုံးအတွက် စံနမူနာယူစရာပြယုဂ်တစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ၁၃ နှစ်ကြာ ဖြတ်သန်းပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် မီလန်မြို့ဆီရောက်ရှိလာတဲ့ ခရိုအေးရှားကွင်းလယ်လူက ဆန်စီရိုမှာလည်း ကစားသမားဘဝကို အကောင်းဆုံးစတင်ထားနိုင်ပြီး ကလပ်အသင်းကို အခုရာသီ၊ စီးရီးအေချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ကူညီပေးထားပါတယ်။
နည်းပြအပြောင်းအလဲနှစ်ကြိမ်ရှိခဲ့ကာ အမှတ်ပေးဇယားအဆင့်-၈ နေရာနဲ့ရာသီသိမ်းခဲ့တဲ့ ထိတ်လန့်ဖွယ် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအလွန် အသင်းနဲ့ ၁၁ နှစ်ကြာဝေးကွာနေတဲ့ အယ်လီဂရီ ပြန်လည်ရောက်ရှိလာပြီး ကွင်းလယ်ပိုင်းကို အလုံးစုံပြင်ဆင်ခဲ့ပါတယ်။ အခုနွေရာသီကာလအတွင်း အေစီမီလန်က ရီးရဲလ်မက်ဒရစ်ဂန္တဝင်မိုဒရစ်၊ မာဆေးလ်မှာ မတည်မငြိမ်ဖြစ်နေတဲ့ ရာဘီယော့တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သလို ရစ်စီ၊ ဂျာရှရီတို့ကိုလည်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
မိုဒရစ်အတွက် အခြားထိပ်တန်းကွင်းလယ်ကစားသမားတွေနဲ့ မတူညီတဲ့အချက်ကတော့ အငြင်းပွားဖွယ်မရှိ စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်း အသက်-၄၀ နှစ်ပြည့်မြောက်ခဲ့သူက နယ်မြေသစ်မှာလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး ချန်ပီယံလိဂ်ဖလားခြောက်ကြိမ်တိုင် ကိုင်မြှောက်နိုင်ခဲ့တဲ့ အရည်အသွေးတွေနဲ့အတူ အေစီမီလန်အသင်းဖော်တွေကို အကောင်းဆုံးဦးဆောင်ပေးနေပါတယ်။ ကွင်းလယ်မှော်ဆရာက ရာသီသစ်ရဲ့ပထမဆုံးနှစ်လအတွင်း စီးရီးအေရဲ့အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့အရည်အသွေးတွေကြောင့် အယ်လီဂရီရဲ့အသင်းကို ရာသီကုန်မှာ စကူဒက်တိုချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ဖို့အတွက် အခြားပြိုင်ဘက်တွေနဲ့အတူ ရေပန်းအစားဆုံးအဆင့်ဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။
La Gazzetta dello Sport နဲ့တွေ့ဆုံချိန် ရာဘီယော့က မိုဒရစ်ကို တခမ်းတနားချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကစားသမားဟောင်းက “ မိုဒရစ်ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ သစ္စာရှိမှုတို့ကြောင့် ကျွန်တော်ဖြင့် မအံ့သြမိတော့ပါဘူး။ မဟုတ်ရင် သူက ဒီလိုအသက်အရွယ်မျိုးမှာ ဒီလိုအဆင့်အတန်းမျိုးအထိ မရှိနေပါဘူး။ ကျွန်တော်အံ့အားသင့်မိတဲ့အချက်ကတော့ အသက်-၄၀ နှစ်အရွယ်မှာ ခင်ဗျားတို့မလုပ်ဆောင်နိုင်တဲ့အရာမျိုးကို သူလုပ်ပြနေလို့ပါပဲ။ မိုဒရစ်က ပွဲစဉ်တိုင်းမှာရော၊ လေ့ကျင့်မှုအပိုင်းမှာပါ အရာရာတိုင်းကို ဆက်လက်ပေးစွမ်းနေသူ ဖြစ်ပါတယ်။ လူတိုင်းအတွက် တကယ့်စံနမူနာကောင်းတစ်ရပ် ဖြစ်ပါတယ်။
သူက လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါက သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ဒဏ်ရာပြဿနာတွေအပေါ် အများကြီးမူတည်ပါလိမ့်မယ်။ မိုဒရစ်မှာ စိတ်အားထက်သန်မှုအပြည့်ရှိပါတယ်။ ပြီးတော့ ဒီလိုစိတ်အားထက်သန်မှုမျိုးကသာ အရာရာတိုင်းအတွက် နောက်ကွယ်မောင်းနှင်အားတစ်ခု ဖြစ်လာပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း သူက ပျော်ပျော်ရွှင်ရွှင်၊ ကြိုးစားပမ်းစား လေ့ကျင့်နေပါတယ်”လို့ ပြောပါတယ်။
ရာသီအဖွင့်ပွဲစဉ်ခြောက်ခုအပြီး အယ်လီဂရီရဲ့အသင်းက ရမှတ် ၁၃ မှတ်ဖြင့် လက်ရှိချန်ပီယံနာပိုလီ၊ ရိုးမားတို့နဲ့ နှစ်မှတ်အကွာ၊ အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေပါတယ်။ ရာဘီယော့ကတော့ သူ့ရဲ့အသင်းသစ်ကို အခုဘောလုံးရာသီမှာ အစွမ်းကုန်တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ရာဘီယော့က “သာမန်အားဖြင့်တော့ အသင်းတွေ အများကြီးရှိပါတယ်။ ရိုးမား ဒီလောက်အထိ လုပ်ပြထားနိုင်တာ နည်းနည်းတော့ အံ့အားသင့်စရာကောင်းပါတယ်။
နာပိုလီဆိုရင်လည်း အင်အားတောင့်တင်းနေဆဲပါပဲ။ အင်တာမီလန်ကတော့ အခုအချိန်အထိ ဥရောပမှာ အကောင်းဆုံးလုပ်ပြထားနိုင်တဲ့ အီတာလျံကလပ်အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့မတူတဲ့အချက်က သူတို့မှာ အချိန်ကာလတစ်ခုကြာ တွဲဖက်ကစားဖူးတယ်ဆိုတဲ့ ကောင်းကျိုးတစ်ရပ်ရှိနေခြင်းဖြစ်ပါတယ်။ မှန်ကန်တဲ့အရှိန်အဟုန်ကောင်းတစ်ခုကို ချက်ချင်းဆိုသလို ကျွန်တော်တို့ မဖန်တီးနိုင်ပါဘူး။ ဂျူဗင်တပ်စ်မှာလည်း အရည်အသွေးအပြည့်ရှိပေမဲ့ နာပိုလီ(သို့)အင်တာမီလန်တို့ကိုတော့ လိုက်မမီသေးဘဲ စကူဒက်တိုချန်ပီယံဆုဆွတ်ခူးနိုင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ သဟဇာတဖြစ်မှုအပိုင်းမှာ အားနည်းနေပါသေးတယ်။ သူတို့တွေ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အစွမ်းကုန်တိုက်ပွဲဝင်သွားပါလိမ့်မယ်။
ကျွန်တော်တို့လည်း အဆုံးသတ်အချိန်အထိ တိုက်ပွဲဝင်သွားပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း စကူဒက်တိုချန်ပီယံဆုကို နောက်တစ်ကြိမ်ဆွတ်ခူးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျူဗင်တပ်စ်ကို ကျော်ဖြတ်ပြီး စကူဒက်တိုချန်ပီယံဆုရရှိခဲ့ချိန်တုန်းက ကိုဗစ်ကြောင့် အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ကွင်းတွင်းမှာ ပရိသတ်တွေအားလုံးနဲ့အတူ အောင်ပွဲခံချင်ပါတယ်”လို့ ပြောပါတယ်။