ဘီလ်အာအိုနဲ့ပွဲမှစွမ်းဆောင်ရည်ဟာ ဒီရာသီရီးရဲလ်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ အလွန်ဆိုချီးကျူး
ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက ကြာသတေးနေ့နံနက်က ဘီလ်ဘာအိုကို ၀-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် အသင်းရဲ့ကစားသမားတွေကို ချီးကျူးပြောဆိုလာခဲ့ပြီး ဒီရာသီအကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့လည်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်အတွက်ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာပဲ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက ဘီလ်ဘာအိုနောက်တန်းကစားသမား အူနိုင်းဆိုင်မွန်ကိုကျော်ဖြတ်ပြီး အဝေးကန်ချက်နဲ့သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးကာနီးမှာတော့ ကွင်းလယ်လူကာမာဗင်ဂါက ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ထို့နောက် ဒုတိယပိုင်းမှာ ရီးရဲလ်အတွက် တတိမြောက်ပွဲသိမ်းဂိုးကို အမ်ဘာပေကပဲ ဂိုးဧရိယာအပြင်မှ လှလှပပကန်သွင်းယူပေးခဲ့ပြီး အသင်းကိုလာလီဂါမှာ ဂိုးပြတ်နိုင်ပွဲပြန်လည်ရရှိစေခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အလွန်ဆိုက "ဒီပွဲက အရေးကြီးတဲ့ပွဲပါ။ ကျွန်တော်တို့ နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်ချင်ခဲ့ပါတယ်။ ဒီပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှု၊ စိတ်တည်ငြိမ်မှုတွေနဲ့ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ အသင်းက ပြီးပြည့်စုံတဲ့ခြေစွမ်းကိုပြသခဲ့ပါတယ်။ ဒီရာသီကျွန်တော်တို့ကစားခဲ့သမျှပွဲတွေထဲမှာ ဒီပွဲရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ဒီအတိုင်းပဲ ဆက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်ကစားသမားတွေအားလုံး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အသင်းရဲ့နိုင်ပွဲအတွက် အဓိကကျခဲ့တဲ့ကစားသမားကတော့ အမ်ဘာပေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဆက်လက်ပြီး အလွန်ဆိုက "အမ်ဘာပေက အကောင်းဆုံးပုံစံရနေပါတယ်။ ဗီနီစီးယက်စ်နဲ့ချိတ်ဆက်မှုမှာ အတော်လေးကောင်းလာပါတယ်။ ကျွန်တော်တို့ဒီပွဲကို သေချာပေါက်အနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာအနိုင်ရဖို့ လိုအပ်နေခဲ့တာပါ။ တနင်္ဂနွေနေ့အိမ်ကွင်းပွဲစဉ်မှာလည်း ဆက်လက်အနိုင်ယူဖို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ကော်တိုရစ်နဲ့ပတ်သက်ပြီးတော့လည်း စပိန်သားနည်းပြက "သူဒီပွဲမှာ အရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ဒါတွေက အံ့ဩစရာတော့မဟုတ်ပါဘူး။ သူ့ကြောင့် ကျွန်တော်တို့ ပွဲကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဂိုးလည်းမပေးခဲ့ရပါဘူး" လို့ချီးကျူးခဲ့ပါတယ်။
ကွင်းလယ်မှာ ဂျူဒ်ဘယ်လင်ဟမ်နဲ့တွဲဖက်ကစားနေတဲ့ အာဒါဂူလာကို ဒီပွဲမှာဘာကြောင့် ထည့်သွင်းခဲ့ခြင်းမရှိသလဲဆိုတဲ့မေးခွန်းကို အလွန်ဆိုက "သူနဲ့ ဘယ်လင်ဟမ်နဲ့တွဲဖက်ကစားနိုင်ပါတယ်။ ဒါပေမယ့် သူ အသင်းအတွက် ၃ ပွဲဆက်ကစားပြီးပါပြီ။ ဒါကြောင့် သူ့ကိုအနားပေးတဲ့အနေနဲ့ မထည့်သွင်းခဲ့တာပါ" လို့ဖြေကြားခဲ့ပါတယ်။