The network connection is lost.

Banner Image

ယူနိုက်တက်မှာ ကစားရတာ အလွန်ဖိအားများကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဒီလစ်ချ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒီလစ်ချ်က ယူနိုက်တက်ဟာ ကြီးမားတဲ့ကလပ်တစ်ခုဖြစ်နေသေးကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရခြင်းက အလွန်ဖိအားများကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီလစ်ချ်ဟာ အေဂျက်စ်၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပတစ်ဝှမ်း ထိပ်သီးကလပ်တွေမှာ ကစားခဲ့ဖူးပေမယ့် ယူနိုက်တက်မှာ ကစားရခြင်းက ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။ 

အသက်-၂၅ နှစ်သာရှိသေးပေမယ့် ဒီလစ်ချ်အတွက် ဥရောပကလပ်တွေရဲ့ ကုန်စရိတ်ဟာ စုစုပေါင်း ပေါင်သန်း ၁၇၀ အထိရှိခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ဟာ နယ်သာလန်သားကို ပြီးခဲ့တဲ့နွေရာသီက ပေါင် ၄၂ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် အတွေ့အကြုံအများအပြားရှိနေပြီဖြစ်တဲ့ ဒီလစ်ချ်ဟာ အိုးလ်ထရက်ဖို့ဒ်က သူ့အတွက် ခက်ခဲတဲ့နေရာတစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

နယ်သာလန်လက်ရွေးစင်က “ယူနိုက်တက်က တကယ်ကိုကြီးမားတဲ့ကလပ်တစ်ခုပါ။ မယုံနိုင်စရာကောင်းလောက်အောင် ဖိအားများပါတယ်။ ကျွန်တော် ကလပ်အသင်းကြီးတွေမှာပဲကစားခဲ့ဖူးပြီး အကုန်လုံးက သူ့နေရာနဲ့သူ ဖိအားရှိကြတယ်ဆိုပေမယ့် ဒီမှာက ပိုပြီးဖိအားများပါတယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာဖိအားမျိုးနဲ့ ကြုံတွေ့နေရသလိုပါပဲ။ ဒါကိုကိုင်တယ်နိုင်ဖို့က မလွယ်ပါဘူး။ အထူးသဖြင့် လူငယ်ကစားသမားတွေအတွက် ပိုပြီးတော့ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ကလပ်အသင်းကြီးတွေမှာ ကစားခဲ့တော့ ဒါက ကျွန်တော့်အတွက်တော့ အရမ်းခက်ခဲတဲ့အခြေအနေမဟုတ်ခဲ့ပါဘူး။ အခြားကစားသမားတွေအတွက်ဆိုရင်တော့ အိုးလ်ထရက်ဖို့ဒ်က ကြမ်းတမ်းခက်ထန်တဲ့နယ်မြေဖြစ်နေမှာပါ။ ဒါကြောင့် ပရိသတ်ခိုင်ခိုင်မာမာရှိဖို့က ကစားသမားတွေရဲ့ယုံကြည်ချက်အတွက် အရမ်းအရေးကြီးပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဒီလစ်ချ်ဟာ အေဂျက်စ်မှာကစားခဲ့စဉ်က ကလပ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် အသက်-၁၉ နှစ်အရွယ်မှာပဲ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ နောက်ခံလူဟာ ဂျူဗင်တပ်စ်သို့ ပေါင် ၆၃ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်မကြာမှာ ဘိုင်ယန်မြူးနစ်သို့ ပေါင် ၆၅ သန်းနဲ့ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။