မာဆေးလ်ကွင်းလယ်လူဟိုးဂျ်ဘတ်ကို ခေါ်ယူဖို့ စီးရီးအေကလပ်အသင်းသုံးခု စိတ်ဝင်စားနေ
မာဆေးလ်အသင်းကွင်းလယ်လူ ပီယဲလ်-အမ်မလီဟိုးဂျ်ဘတ်ကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ ရိုးမားအသင်းတို့ စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၀ နှစ်အရွယ်ကစားသမားက အခုရာသီ၊ မာဆေးလ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်နေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲကစား၊ သွင်းဂိုး သုံးဂိုး၊ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ထားပါတယ်။
Corriere dello Sport သတင်းစာရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက ဟိုးဂျ်ဘတ်ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့တဲ့ ဂျူဗင်တပ်စ်အပြင် အင်တာမီလန်နဲ့ ရိုးမားတို့ကလည်း ကစားသမားကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
မာဆေးလ်နဲ့ ၂၀၂၈ ခုနှစ်၊ နွေရာသီအထိ စာချုပ်သက်တမ်းရှိနေတဲ့ ဟိုးဂျ်ဘတ်အတွက် ပြောင်းရွှေ့ကြေးက အပိုဆုကြေးတွေမပါဝင်ဘဲ ယူရို ၁၂ သန်းဝန်းကျင်သာ ရှိနိုင်တယ်လို့ သိရပါတယ်။