The network connection is lost.

Banner Image

စံချိန်တင်နိုင်ပွဲအပြီး အားရကျေနပ်မှုအပြည့်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းက စိန့်ပေါ်လီနဲ့ရင်ဆိုင်ရတဲ့ စနေညပိုင်းပွဲစဉ်မှာ ၅-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ယူပြီး ကြောက်စရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဂျာမန်ဘွန်ဒက်လီဂါရဲ့အရေးပါတဲ့ပွဲစဉ်မှာ မူစီယာလာ၊ ဂေါ်ရက်ဇ်ကာ၊ အိုလီစီ၊ ဂျက်ဆန်နဲ့ ဂွါရဲရိုးတို့က သွင်းဂိုးကိုယ်စီရယူခဲ့ပါတယ်။

ဒီနိုင်ပွဲက ရလဒ်တစ်ခုတည်းကြောင့် အရေးပါနေတာ မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါတစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ဟောင်းဖြစ်တဲ့ ၁၀၁ ဂိုးကို ကျော်ဖြတ်ကာ ၁၀၅ ဂိုးအထိသွင်းယူပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုဆိုရင် နောက်ထပ်နိုင်ပွဲတစ်ခု ရရှိလိုက်မယ်ဆိုရင်ပဲ ကွန်ပနီရဲ့အသင်းက ကလပ်အသင်းသမိုင်းတလျှောက် ၃၄ ကြိမ်မြောက် လိဂ်ချန်ပီယံဆုကို သေချာပေါက်သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။

ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြကွန်ပနီက ရလဒ်နဲ့ အသင်းကစားပုံအပေါ် "ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်အပေါ် ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "စိန့်ပေါ်လီက ခံစစ်အရမ်းကောင်းပြီး ပေးဂိုးနည်းတဲ့အသင်းပါ။ သူတို့မှာ တန်ပြန်တိုက်စစ်ဆင်နိုင်စွမ်းရှိပြီး ဒီလိုကွင်းမျိုးမှာဆိုရင် သတိထားရပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တာတွေက အလွယ်တကူရလာတာမျိုးတော့ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

အခုပွဲစဉ်မှာ မူစီယာလာက အဖွင့်ဂိုးသွင်းခဲ့ပြီးနောက် ဂေါ်ရက်ဇ်ကာက ဘိုင်ယန်မြူးနစ်အတွက် စံချိန်တင် ၁၀၂ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နည်းပြကွန်ပနီကလည်း ဒီကွင်းလယ်လူရဲ့စိတ်ဓာတ်ကို အထူးချီးကျူးခဲ့ပြီး "အသင်းသားတွေကိုလည်း ကျွန်တော် ပြောဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရှိဆုံးသူကို ပြပါဆိုရင် အဲဒါ ဂေါ်ရက်ဇ်ကာပါပဲ။ အခုလို စံချိန်တင်ဂိုးကို တိုက်စစ်မှူးတွေဆီမှ လုယူပြီး သူကိုယ်တိုင်သွင်းသွားတယ်ဆိုတာ သူ့ရဲ့ ပုံစံအတိုင်းပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူက ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေလို့ပါ။ ကျွန်တော့်အတွက်တော့ သူက လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ" လို့ ပြောခဲ့ပါတယ်။
စံချိန်မှတ်တမ်းတွေထဲမှာ အသင်းရဲ့နာမည်ကို ရေးထိုးနိုင်ခဲ့တဲ့အပေါ်မှာလည်း ကွန်ပနီက "ကျွန်တော် တကယ်ကို ဝမ်းသာမိပါတယ်။ မနေ့ကတင် အူလီဟိုးနက်စ် (Mr. Hoeneß) နဲ့ ဒီစံချိန်ကို ဘယ်လိုချိုးမလဲဆိုတာ ပြောဖြစ်ခဲ့ကြတာပါ။ အကြာကြီးတည်ရှိခဲ့တဲ့ စံချိန်ဖြစ်လို့ အခုလို ချိုးဖျက်နိုင်တာကို ပျော်ပျော်ပါးပါး အောင်ပွဲခံသင့်ပါတယ်။ ဘိုင်ယန်ဆိုတာ ဂိုးတွေအများကြီး သွင်းတတ်တဲ့အသင်းအဖြစ် လူသိများတာကို ကျွန်တော် သဘောကျပါတယ်။ ဒါ ဘိုင်ယန်ရဲ့ အမှတ်အသားပါပဲ။ ကောင်လေးတွေလည်း ဒီအတွက် ဂုဏ်ယူသင့်ပေမဲ့ အလုပ်တွေကတော့ ဆက်လုပ်သွားရပါဦးမယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အသင်းသားတွေရဲ့ စည်းလုံးမှုကိုလည်း အောင်မြင်မှုရဲ့ အဓိကသော့ချက်အဖြစ် ဘယ်လ်ဂျီယံနည်းပြက ထောက်ပြခဲ့ပါတယ်။ "အနိုင်ရနေချိန်မှာ အရာအားလုံးက လွယ်ကူနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တကယ်ကို မိသားစုတစ်ခုလို ဖြစ်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီနေ့မှာ အခြေအနေတွေ ကောင်းနေသလို၊ အခြေအနေမကောင်းချိန်တွေမှာလည်း ကျွန်တော်တို့ စည်းစည်းလုံးလုံး ရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အခုလို အောင်မြင်မှုတွေ ရနေတာလို့ ကျွန်တော် ခံစားရပါတယ်။ ပွဲထွက်ကစားသမား ၁၁ ဦးတင်မက အသင်းသားအားလုံးက အမြဲတမ်းယှဉ်ပြိုင်လိုစိတ်ရှိပြီး တစ်ဦးကိုတစ်ဦး ကူညီပံ့ပိုးပေးနေကြပါတယ်" လို့ ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်ဗုဒ္ဓဟူးည၊ အလိုင်းယန့်စ်အရီနာကွင်းမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ရန် မြူးနစ်မြို့ဆီ ပြန်လည်ထွက်ခွာသွားပါပြီ။