စီးရီးအေကစားသမားတစ်ဦးကိုခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေဆီ ပထမဆုံးအကြိမ်တောင်းဆိုလိုက်တဲ့ ဒီဇာဘီ
တော့တင်ဟမ်နည်းပြသစ်ဒီဇာဘီက စီးရီးအေအခြေစိုက်ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေဆီ ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။
ဒီဇာဘီက တော့တင်ဟမ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အတွေ့အကြုံရှိကစားသမားရှားပါးနေမှုကို စိုးရိမ်နေပါတယ်။ အာချီဂရေးနဲ့ ဘာ့ဂ်ျဗောတို့လို မျက်စိကျစရာလူငယ်ခြေတက်တွေ ရှိနေပေမဲ့ အသင်းရဲ့အချက်အခြာဖြစ်တဲ့ ကွင်းလယ်ပိုင်းမှာ ပိုပြီးဦးဆောင်ပေးနိုင်မယ့်သူ လိုအပ်နေတယ်ဆိုတာကို ဒီဇာဘီ ချက်ချင်းဆိုသလို ရိပ်မိသွားပါတယ်။
သတင်းရင်းမြစ်ကောင်းတစ်ခုဖြစ်တဲ့ Calciomercato.com ရဲ့ ဖော်ပြချက်အရ ဒီဇာဘီက လာမယ့်နွေရာသီအပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အသင်းစီမံခန့်ခွဲသူတွေနဲ့ဆွေးနွေးမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီထဲမှာ ဒီဇာဘီ အထူးတလည်တောင်းဆိုထားတဲ့ ကစားသမားကတော့ ဂျူဗင်တပ်စ်အသင်းခေါင်းဆောင်လိုကာတယ်လီပဲ ဖြစ်ပါတယ်။
လိုကာတယ်လီနဲ့ ဂျူဗင်တပ်စ်အကြား စာချုပ်သက်တမ်း ၁၈ လကျော်ပဲ ကျန်တော့လို့ တော့တင်ဟမ်က ဒီဇာဘီရဲ့တောင်းဆိုချက်ကို စျေးနှုန်းသက်သက်သာသာဖြင့် ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အရေးအတွက် ထောက်လှမ်းလေ့လာနေပါတယ်။
အာဆင်နယ်ရဲ့ကာလရှည်စိတ်ဝင်စားမှုနဲ့အတူ လိုကာတယ်လီက လွန်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာလည်း မြောက်လန်ဒန်ဆီပြောင်းရွှေ့လာဖို့ နီးစပ်ခဲ့ဖူးပါတယ်။