The network connection is lost.

Banner Image

ဘာစီလိုနာသို့အပြီးသတ်ပြောင်းရွှေ့ဖို့ပြင်ဆင်ထားတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်မှ ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုအခါမှာတော့ ရာသီကုန်ပါက ဘာစီလိုနာသို့ အပြီးသတ်ပြောင်းရွှေ့ဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ယူနိုက်တက်မှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပေမယ့် ယခုအခါ ဘာစီလိုနာမှာတော့ ထိပ်တန်းခြေစွမ်းကို ပြန်လည်ရရှိနေတာလည်းဖြစ်ပါတယ်။ 

ယခုရာသီအတွင်းရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ ၁၀ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်အ‌နေနဲ့ အဆိုပါ သွင်းဂိုး ၃ ဂိုးထဲမှ ၂ ဂိုးဟာ ချန်ပီယံလိဂ်မှာသွင်းယူထားခဲ့တာလည်းဖြစ်ပါတယ်။

အခုလိုတောက်လျှောက်ခြေစွမ်းပြန်ပြလာတဲ့ ရက်ရှ်ဖို့ဒ်ကို လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကအပါအဝင် ဥရောပထိပ်သီးကလပ်တွေက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပေမယ့် အင်္ဂလန်သားဟာ ဘာစီလိုနာနဲ့ဆက်လက် လက်တွဲသွားဖို့သာ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့လည်း ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့ အငှားစာချုပ်ရဲ့သဘောတူညီမှုအရ ရာသီကုန်မှာ ရက်ရှ်ဖို့ဒ်ကိုအပြီးသတ်ခေါ်ယူနိုင်မှာဖြစ်လို့ ကစားသမားအနေနဲ့အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်မရှိပါဘူး။ ယခုအခါမှာ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ‌ပြန်လည်ရွေးချယ်ခံထားရပြီး သောမတ်စ်တူချယ်လ်အတွက် ထိပ်တန်းခြေစွမ်းတွေပြသကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရွေးခံရဖို့ အစွမ်းကုန်ကြိုးစားနေတာလည်းဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဘာစီလိုနာဟာ ဂျီရိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်တစ်ယောက် ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ပါဝင်လာဖွယ်ရှိပါတယ်။