The network connection is lost.

Banner Image

ယူနိုက်တက်သို့ပြန်မလာဖို့ ရက်ရှ်ဖို့ဒ်ကိုအကြံပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ပက်ထရစ်အီဗရာက ဘာစီလိုနာမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ မားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့ မရေရာတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ အငှားကစားနေစဉ်အတွင်း ၁၄ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ဒီနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာပြန်လည်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဝန်းကျင်နဲ့ အပြီးအပိုင်ဝယ်ယူနိုင်ခွင့်ရှိပေမဲ့ ခြေစွမ်းပြနေတာတောင်မှ အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေပြီး ဆွေးနွေးမှုတွေကတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကို စောင့်ဆိုင်းရင်း မရေမရာဖြစ်နေပါတယ်။ Stake နဲ့ အင်တာဗျူးမှာတော့ အီဗရာက ဘာပဲဖြစ်ဖြစ် ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒီနွေရာသီနောက်ပိုင်း မန်ယူမှာ ဆက်မနေသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် မားကပ်စ်ကို ချစ်ပါတယ်၊ လူတစ်ယောက်ရဲ့ ကိုယ်ဟန်အမူအရာက လိမ်လို့မရပါဘူး၊ အခုဆိုရင် သူဟာ ပျော်ရွှင်နေပါတယ်။ မန်ချက်စတာမှာတုန်းကတော့ သူအခုလို မပျော်ရွှင်ခဲ့ပါဘူး၊ အဲဒါက ခင်ဗျားတို့ ဦးစားပေးရမယ့်အရာပါ။ အလုပ်လုပ်ရတဲ့အခါမှာ ခြေစွမ်းပြဖို့ လိုအပ်ပေမဲ့ ပျော်ရွှင်မှုကလည်း တကယ်ကို အရေးကြီးပါတယ်။ ဘာစီလိုနာမှာရှိနေတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော် အဲဒါကို မြင်နေရတယ်။ သူက အဲဒီမှာပဲ ဆက်နေချင်နေတာပါ" လို့ အီဗရာက ဆိုပါတယ်။

"လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျွန်တော် မားကပ်စ်နဲ့ စကားပြောခဲ့ဖူးတယ်၊ အဲဒီတုန်းက သူက 'ပက်ထရစ်၊ ကျွန်တော့်နှလုံးသားက မန်ယူမှာပဲ ဆက်နေဖို့ ပြောနေပေမဲ့ ကျွန်တော့်ရဲ့စိတ်ကတော့ ထွက်ခွာဖို့ ပြောနေတယ်' လို့ ပြောခဲ့ဖူးပါတယ်။ သူဟာ မန်ချက်စတာသားတစ်ယောက်အဖြစ် အမြဲရှိနေမှာပါ၊ ဒါပေမဲ့ သူဟာ သူ့ရဲ့ ဘောလုံးသမားဘဝကို ဦးစားပေးသင့်ပြီး ဘာစီလိုနာမှာ ဘောလုံးကစားရတာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်ပါတယ်။ သူ အဲဒီမှာပဲ ဆက်နေသင့်တယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မားကပ်စ်ကို မန်ယူကို ပြန်လာစေချင်တဲ့စိတ်တော့ ရှိတာပေါ့"

"ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရရင်တော့ မန်ယူကို ပြန်မလာပါနဲ့။ မင်းပျော်ရွှင်တဲ့နေရာမှာပဲ နေပါ။ ဘာစီလိုနာအတွက် ရပ်ရှ်ဖို့ဒ်ရဲ့ ပြောင်းရွှေ့ကြေးက အရမ်းကို တန်နေလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့က ရပ်ရှ်ဖို့ဒ်ရဲ့ တကယ့်တန်ဖိုးထက် အများကြီး လျှော့ပေးရမှာ သေချာပါတယ်" လို့လည်း အီဗရာက ပြောခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ တကယ်လို့ ဒီနွေရာသီမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပျက်ပြားသွားခဲ့ရင် ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကိုခေါ်ယူဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။