The network connection is lost.

Banner Image

လုခ်ရှောကို အင်္ဂလန်ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခံရဖို့ ကာရစ် အခိုင်အမာထောက်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ဘယ်နောက်ခံလူ လူ့ခ်ရှောအနေနဲ့ သောမတ်စ်တူချယ်လ်ရဲ့ အင်္ဂလန်ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်သင့်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၀ အရွယ် လူ့ခ်ရှောဟာ ဒဏ်ရာပြဿနာတွေကို ကျော်လွှားနိုင်ခဲ့ပုံရပြီး အခုရာသီ မန်ယူရဲ့ ပရီးမီးယားလိဂ် ၃၇ ပွဲစလုံးမှာ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။ ရှောဟာ အင်္ဂလန်အတွက် နောက်ဆုံးအဖြစ် ၂၀၂၄ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကစားပေးခဲ့တာဖြစ်ပြီး တူချယ်လ်လက်ထက်မှာတော့ ရွေးချယ်ခံရခြင်း မရှိသေးပါဘူး။ နော့တမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ကားရစ်က ရှောဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားမှာ နေရာတစ်နေရာ ရသင့်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။

"ကျွန်တော်ကတော့ သေချာပေါက် ပါဝင်သင့်တယ်လို့ ထင်ပါတယ်၊ ဟုတ်ပါတယ်။ ဒီကိစ္စမှာ ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိပေမဲ့ သေချာပေါက် ပါသင့်တာပါ။ သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု၊ သူလုပ်နိုင်စွမ်းရှိတဲ့အရာတွေ၊ စွမ်းဆောင်ရည်၊ အတွေ့အကြုံ၊ အားသာချက်တွေနဲ့ သူ့မှာရှိတဲ့ အရည်အချင်းတွေကို ကြည့်ရင် ကျွန်တော့်အတွက်တော့ သူဟာ တကယ့်ကို ထူးချွန်တဲ့ နောက်ခံလူတစ်ယောက်ပါပဲ" လို့ ကားရစ်က ဆိုပါတယ်။

ရှောရဲ့ ပွဲတိုင်းပါဝင်နိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း "တကယ်တော့ ဒါက ဘယ်သူ့အတွက်မဆို ခက်ခဲတဲ့အရာပါ။ ပွဲတွေ အများကြီး ကစားရတဲ့အခါ ဒါက မလွယ်ပါဘူး၊ တစ်ခါတလေကျရင်လည်း ကိုယ့်အမှားကြောင့် မဟုတ်ဘဲ ဖြစ်တတ်ပါတယ်။ စိတ်မကောင်းစရာကတော့ ဒဏ်ရာတွေဟာ ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တခြားအချက်တွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် ပွဲတိုင်းမှာ ပါဝင်ကစားနိုင်တာဟာ တကယ်ကို အံ့ဩစရာပါပဲ" လို့ ထပ်လောင်းပြောပါတယ်။

"လာမယ့်ရာသီက ရာသီသစ်ဖြစ်သလို ပွဲစဉ်တွေကလည်း ပုံစံအမျိုးမျိုး ရှိလာဦးမှာပါ။ ဒါဟာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမယ့်အပိုင်းပေါ့။ အဲ့ဒီအချိန်မှာ သူက အသက်လည်း ပိုရလာပြီဖြစ်သလို ကိုယ့်ရဲ့ ကြံ့ခိုင်မှုကို သိနားလည်ပြီး ထိန်းညှိတတ်တဲ့ အတွေ့အကြုံတွေလည်း ရှိလာပါလိမ့်မယ်။ အခု သူက အတွေ့အကြုံတွေ အများကြီးရနေတဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒီမှာလည်း အကြာကြီးရှိနေပြီဆိုတော့ ကလပ်အသင်းအကြောင်း ကောင်းကောင်းသိတယ်၊ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ သိတယ်၊ အောင်မြင်တဲ့အချိန်တွေရော စိန်ခေါ်မှုများတဲ့ ခက်ခဲတဲ့အချိန်တွေမှာပါ ဖြတ်သန်းခဲ့ဖူးသူပါ။ ဒါကြောင့် နောက်ရာသီမှာ သူ ဘယ်နှစ်ပွဲပဲ ကစားရပါစေ၊ သူ့ရဲ့ အတွေ့အကြုံတွေက အရမ်းကို တန်ဖိုးရှိလာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ကားရစ်က ပြောကြားခဲ့ပါတယ်။