
ဒဏ်ရာကနေ မကြာခင်မှာပြန်လာတော့မယ့် ယူနိုက်တက်စတား ၂ ဦး
သတင်းတွေအရ ယူနိုက်တက်စတား ၂ ဦးဖြစ်တဲ့ မေဆင်မောင့် နဲ့ လုခ်ရှောတို့ မကြာခင်မှာ ပြန်လာနိုင်တော့မယ်လို့ သိရပါတယ်။ ရှောဟာ ဒီရာသီယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရတာဖြစ်ပြီး တန်ဟက်လက်အောက်အပြင် အခုအာမိုရင်လက်အောက်မှာအထိ ရုန်းကန်နေရတာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ အာမိုရင်လက်အောက်မှာ ပထမဆုံး ၂ ပွဲကို ဘယ်နောက်ခံလူအဖြစ် လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး အဲ့ကတည်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မောင့်ကလည်း ဒီရာသီမှာ ဒဏ်ရာတွေနဲ့နပန်းလုံးနေရပြီး တန်ဟက်လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် အာမိုရင်လက်အောက်မှာတော့ နေရာရလာခဲ့တာဖြစ်ပါတယ်။ စပို့တင်းနည်းပြဟောင်းက အခုချိန်မှာ ရှော နဲ့ မောင့်တို့ဒဏ်ရာအခြေအနေကနေ မကြာခင်ပြန်လာနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။
“ရှောကတော့ မေဆင်မောင့်ထက်ပြန်လာနိုင်ဖို့နီးစပ်နေပါပြီ။ မောင့်ကတော့အနည်းငယ်ကြာပါဦးမယ်။ ရှောအခြေအနေကကို လာမယ့် ၁ ပတ် ဒါမှမဟုတ် ၂ ပတ်လောက်အထိ စောင့်ကြည့်ရပါဦးမယ်။ သူပြန်လာနိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ အာမိုရင်ဟာ လာမယ့် ၂ ပွဲဖြစ်တဲ့ ဆောက်သမ်တန် ၊ ဘရိုက်တန်တို့နဲ့ပွဲတွေကို ရှော နဲ့ မောင့်တို့မပါပဲကစားရဖွယ်ရှိနေပါတယ်။