ယူနိုက်တက်ကိုဂိုးပြတ်ရှုံးခဲ့ခြင်းမှာ အသင်းရဲ့အမှားတွေကြောင့်သာဖြစ်တယ်လို့ ဝုဗ်နည်းပြပြော
အင်္ဂါနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ၁-၄ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဝုဗ်နည်းပြ ရော့ဘ်အက်ဒ်ဝါ့ဒ်က အသင်းဟာ ယုံကြည်မှုမရှိသလို၊ နောက်တန်းပိုင်းမှာ အမှားတွေလည်းလုပ်ခဲ့တာကြောင့် ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုနှစ်ဘောလုံးရာသီမှာ ဝုဗ်ဟာ နိုင်ပွဲတစ်ပွဲတောင်မရသေးတာကြောင့် နိုင်ပွဲကိုရှာဖွေနေရဆဲဖြစ်သော်လည်း ယူနိုက်တက်ကို အဘက်ဘက်မှာယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိတာကြောင့် အိမ်ကွင်းမှာ နောက်ထပ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင်ဖာနန်ဒက်စ်က ပထမပိုင်း ၂၅ မိနစ်မှာ စတင်သွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးကာနီးအချိန်ပိုမှာ ဘယ်လာဂါဒီက ဝုဗ်အတွက်ပြန်လည်ချေပခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်အတွက်အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ဘရိုင်ယန်အမ်ဘွေမို၊ မေဆင်မောင့်နဲ့ ဖာနန်ဒက်စ်တို့က ထပ်မံသွင်းယူခဲ့တာကြောင့် ဝုဗ်တို့အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ အက်ဒ်ဝါ့ဒ်က "ဒီပွဲက ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပဲ ရှုံးခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပဲ ဂိုးတွေအများကြီးခွင့်ပြုခဲ့ရပါတယ်။ ပြိုင်ဘက်ကို ဘောလုံးကိုင်ခွင့်ပေးခဲ့ပြီး အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကို ဘောလုံးကိုင်ကစားခွင့်ပေးရင် အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"အသင်းရဲ့အခြေအနေက လောလောဆယ်မှာ ယုံကြည်မှုပျောက်ဆုံးပြီး စည်းချက်မမှန်တာကြောင့် ဒီပုံစံအတိုင်းဆို နိုင်ပွဲနဲ့ဝေးကွာနေဦးမှာပါပဲ။ ကျွန်တော်တို့ ယူနိုက်တက်ဆီကနေ ဘောလုံးလုယူမှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် အမှားတွေကနေတစ်ဆင့် ဘောလုံးပြန်ဆုံးရှုံးပြီး တတိယဂိုးကိုခွင့်ပြုခဲ့ရပါတယ်။ ဒီလိုဘောလုံးအဆင့်အတန်းမျိုးမှာ ဒီလိုခြေစွမ်းနဲ့ကစားမယ်ဆိုရင် အရမ်းခက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဂိုးပြတ်ရှုံးပွဲနဲ့ အပြစ်ပေးခံခဲ့ရတာပါ။ နေ့ရက်တိုင်းမှာ အလုပ်ကြိုးစားဖို့နဲ့ အမှားတွေကနေသင်ယူနိုင်ဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။