The network connection is lost.

Banner Image

ယခုရာသီအတွင်း ထိပ်တန်းခြေစွမ်းပြန်လည်ရရှိလာတဲ့ဖိုဒန်ကို ဂွါဒီယိုလာ ချီးကျူး

မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက ယခုရာသီမှာ အသင်းအတွက် ခြေစွမ်းပြန်ပြလာတဲ့ ကွင်းလယ်လူ ဖီးလ်ဖိုဒန်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးရဲ့ နံပါတ် ၁၀ နေရာမှာ ပြောင်းလဲကစားနေပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုထောက်ပံ့လာခဲ့ကာ ထိရောက်တဲ့ပံ့ပိုးမှုတွေကိုပြုလုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ ဒဏ်ရာပြဿနာနှိပ်စက်မှုနဲ့အတူ ခြေစွမ်းပိုင်းကျဆင်းခဲ့ပါတယ်။ ယခုရာသီမှာတော့ ဖိုဒန်ဟာ ထိပ်တန်းခြေစွမ်းကိုပြန်လည်ရရှိလာခဲ့ပြီး မန်စီးတီးရဲ့နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၆ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး အဆိုပါ ၆ ပွဲစလုံး မရှုံးခဲ့ပါဘူး။ 

ယခုအခါမှာ ဂွါဒီယိုလာက “ဖိုဒန်ရဲ့ဒီရာသီဘောလုံးအဆင့်အတန်းက အရမ်းတိုးတက်လာပါတယ်။ အသင်းအတွက် သူလုပ်ပေးနိုင်တာတွေအများကြီးပါ။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ကျွန်တော်တို့အတွက်အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူက အသင်းရဲ့ ဂိုးဖန်တီးမှုတိုင်း၊ သွင်းဂိုးတိုင်းမှာ ပါဝင်ပတ်သက်နေမှာပါ။ ကျွန်တော်တို့မှာရှိတဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။ 

ဖိုဒန်ဟာ ယခုတစ်ခေါက်အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခံထားရခြင်းမရှိဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အင်္ဂလန်အသင်းအတွက် တစ်ကြိမ်မှ ပါဝင်ကစားရခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်စဉ်မှာ ဘန်လေကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီးဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂိုးပြတ်နိုင်ပွဲဆက်လက်ဖော်‌ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။