ဘရိုက်တန်နဲ့သရေကျခဲ့တာက အသင်းရဲ့ချန်ပီယံဆုအိပ်မက်အတွက် ထိုးနှက်ချက်ဖြစ်စေကြောင်း ဂွါဒီယိုလာ ဝန်ခံ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကြာသပတေးနေ့နံနက်က ဘရိုက်တန်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ ဒီရာသီ အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုအိပ်မက်အတွက် ထိုးနှက်ချက်ဖြစ်စေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ မန်စီးတီးဟာ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဘရိုက်တန်အတွက်ချေပဂိုးကို တောင်ပံကစားသမား ကာအိုယူမီတိုမာက ပြန်လည်သွင်းယူခဲ့တာကြောင့် အီတီဟတ်မှာသရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဂွါဒီယိုလာက "ဒါက ဒီပွဲကိုနိုင်သင့်တယ် မနိုင်သင့်ဘူးဆိုတဲ့အချက်နဲ့ မသက်ဆိုင်ပါဘူး။ ရလဒ်ကတော့ ရလဒ်ပါပဲ။ ကျွန်တော်က ကိုယ်လုပ်ခဲ့တဲ့အရာတွေကို တရားမျှတမှုမရှိဘူးလို့ ထင်တတ်တဲ့သူလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ၁ မှတ် ရတယ်၊ သူတို့ ၁ မှတ်ရတယ်။ ဒီလောက်ပါပဲ။ ဒီပွဲမှာ ဒုတိယပိုင်းကစားပုံက ဆန်းဒါးလန်းတုန်းကပွဲနဲ့ သွားတူနေပါတယ်"
"ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိခဲ့ပေမယ့် အမှားတွေလုပ်ခဲ့လို့ နိုင်ပွဲနဲ့လွဲချော်ခဲ့တာပါ။ ကျွန်တော်တို့ ဒီနေ့ကစားခဲ့တဲ့ပုံစံကို သဘောကျပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ ဒါက ကစားသမား ၁ ယောက်၊ ၂ ယောက်အပေါ်မူတည်ခြင်းမရှိပါဘူး။ ရှေ့တန်းက ကစားသမားတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဂိုးသွင်းတာက ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်ပေမယ့် ဒီနေ့ပွဲမှာတော့ လုံလောက်အောင်မသွင်းနိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယခုသရေပွဲက အသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုအိပ်မက်အတွက် ထိုးနှက်ချက်ဖြစ်စေသလားဆိုတဲ့မေးခွန်းကို စပိန်သားနည်းပြက "ဒါပေါ့၊ ပွဲတွေကို မနိုင်ဘူးဆိုရင်တော့ ချန်ပီယံဆုကိုထည့်စဉ်းစားလို့ မရပါဘူး။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ကျွန်တော်တို့ အံ့သြစရာကောင်းအောင် ကစားနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း ၃ ပွဲဆက်တိုက်မှာလည်းကစားပုံကောင်းခဲ့ပေမဲ့ ရလဒ်ကောင်းမရခဲ့ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။