The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း မာတင်ချီဗာစ် ကွယ်လွန်

တော့တင်ဟမ်နဲ့ အင်္ဂလန်လက်ရွေးစင်ဂန္ထဝင်တိုက်စစ်မှူးဟောင်း မာတင်ချီဗာစ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်ခဲ့ပြီး ယခုအခါမှာတော့ တော့တင်ဟမ်ဘက်က ဝမ်းနည်းကြောင်း ထုတ်ပြန်ထားကာ ချီဗာစ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၀ နှစ်အရွယ်ရှိပြီလို့သိရပါတယ်။ 
ချီဗာစ်ဟာ တော့တင်ဟမ်အတွက် စုစုပေါင်း ၃၆၇ ပွဲကစားကာ ၁၇၄ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ထိပ်ဆုံး ကစားသမား ၅ ဦးစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ တော့တင်ဟမ်နဲ့အတူ ယူအီးအက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 
အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ချီဗာစ်ဟာ ဆုဖလားအောင်မြင်မှုမရခဲ့ဘဲ ၂၄ ပွဲသာကစားခဲ့ကာ ၁၃ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ချီဗာစ်ဟာ ၁၉၆၈ ခုနှစ်မှာ ဆောက်သမ်တန်မှ တော့တင်ဟမ်သို့ ထိုစဉ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁ သိန်း ၂ သောင်း ၅ ထောင်နဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ၁၉၇၁ ခုနှစ်က အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ တစ်ယောက်တည်း ၂ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ 
ဒါ့အပြင် ချီဗာစ်ဟာ ၁၉၇၂ ခုနှစ်က ဝုဗ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ ဗိုလ်လုပွဲမှာလည်း ၂ ဂိုးအထိသွင်းယူကာ အသင်းရဲ့သူရဲကောင်းဖြစ်ခဲ့သလို ပရိသတ်အချစ်တော်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူကွယ်လွန်ချိန်မှာ တော့တင်ဟမ်က "ကျွန်တော်တို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး မာတင် ချီဗာစ် ကွယ်လွန်သွားတဲ့အတွက် အလွန်အမင်း ဝမ်းနည်းမိပါတယ်။ ဒီနေ့ည ဘုန်းမောက်နဲ့ ကစားမယ့်ပွဲမှာ ကျွန်တော်တို့ ကစားသမားတွေဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်မောင်းပတ် အမည်းရောင်တွေ ဝတ်ဆင်သွားကြမှာဖြစ်ပါတယ်" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 
ချီဗာစ်ဟာ ၁၉၇၆ ခုနှစ်မှာ တော့တင်ဟမ်မှာ ထွက်ခွာလာခဲ့ပြီး ဆွန်ဇာလန်ကလပ် ဆာဗက်တီ၊ နောဝှစ်ချ်နဲ့ ဘရိုက်တန်တို့မှာ ပြောင်း‌ရွှေ့ကစားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာတော့ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့ပါတယ်။