
ချဲလ်ဆီးစတားဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
တနင်္လာနေ့က သတင်းစာရှင်းပွဲမှာ ချဲလ်ဆီးနည်းပြ မာရက်စ်ကာ ပယ်လ်မာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပယ်လ်မာတစ်ယောက် ပွဲကစားချိန် ၂၁ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ပေါင်ခြံဒဏ်ရာဖြစ်ဖို့များနေပါတယ်။ ချဲလ်ဆီးစတားဟာ လူစားလဲခံခဲ့ရပြီးနောက် ဥမင်ထဲကိုတိုက်ရိုက်ဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မာရက်စ်ကာက လာမယ့်ပွဲစဉ်တွေအတွက် ပယ်လ်မာအခြေအနေက မသေချာသေးဘူးလို့ အတည်ပြုခဲ့သလို လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ရဦးမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် မာရက်စ်ကာက ပယ်လ်မာတစ်ယောက် ယူနိုက်တက်နဲ့ပွဲအတွက် ၁၀၀% ကြံ့ခိုင်မှုမပြည့်ဝခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကိုးလ်အခြေအနေက ပြန်လည်စစ်ဆေးဖို့လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ယူနိုက်တက်နဲ့ပွဲမှာလည်း သူကြံ့ခိုင်မှုမပြည့်ဝပါူဘး။ သူက အသင်းကိုကူညီချင်သလို တစ်နေ့ချင်းဘယ်လိုအခြေအနေရှိလဲဆိုတာကို ကြည့်ရပါမယ်။ ကျန်တဲ့လူစာရင်းက အဆင်ပြေပါတယ်။ ဆေးအဖွဲ့က ခွဲစိတ်ဖို့အကြောင်းတော့ မပြောပါဘူး။ လာမယ့်အပတ်တွေမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲ့အကြောင်းကိုလည်း ကျွန်တော်မတွေးဖြစ်ပါဘူး”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းမှာ လူအင်အားရှိနေပေမယ့် ဒီလပ်က ဒဏ်ရာရနေတာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဘူနာနိုတီက ပါဝင်ခဲ့ရသလို ယူနိုက်တက်နဲ့ပွဲမှာလည်း ပယ်လ်မာအစား အန်ဒရီဆန်းတို့စ်က အစားဝင်ခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ၄ ပွဲကန်ရမှာဖြစ်ပြီး ကာရာဘောင်ပွဲအဖြစ် လင်ကွန်းနဲ့ကန်ရမှာဖြစ်ကာ အဲ့နောက် ဘရိုက်တန်နဲ့ ကစားရမှာဖြစ်ပါတယ်။
အဆိုပါပွဲတွေအပြီးမှာ မော်ရင်ဟိုရဲ့ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ကန်ရမှာဖြစ်ပြီး အဲ့နောက် လီဗာပူးနဲ့ပွဲကျပ်ထပ်ကန်ရမှာဖြစ်ပါတယ်။ ပယ်လ်မာအနေနဲ့ အဆိုပါပွဲတွေအတွင်း ပြန်လာနိုင်မလားဆိုတာက မသေချာသေးပဲ ဆက်လက်လွဲချော်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။