The network connection is lost.

Banner Image

ဝုဗ်နည်းပြသစ်အဖြစ်ခန့်အပ်ခံရဖို့ နီးစပ်လာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့ ဝုဗ်ကိုကိုင်တွယ်ဖို့အတွက်ရေပန်းစားနေတာကြောင့် မကြာမီမှာပဲ ကစားသမားဟောင်းကို အင်္ဂလန်မှာ နည်းပြတစ်ယောက်အနေနဲ့ပြန်လည်မြင်တွေ့ရဖို့ အလားအလာရှိလာခဲ့ပါတယ်၊။ 

ကာရစ်ဟာ ကစားသမားဘဝက တော့တင်ဟမ်မှယူနိုက်တက်သို့ ၂၀၀၆ ခုနှစ်မှာ စတင်ပြောင်းရွှေ့ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ၁၂ နှစ်ကြာနေထိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ယူနိုက်တက်မှာနေထိုင်ခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ ၄၆၄ ပွဲအထိကစားပြီး ၂၄ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီမှာတော့ ကာရစ်ဟာ နည်းပြလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး ထိုစဉ်က ယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုရဲ့ လက်ထောက်နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ မော်ရင်ဟိုထုတ်ပယ်ခံရစဉ်မှာလည်း ယူနိုက်တက်နည်းပြချုပ်ရာထူးကို ကာရစ်က ယာယီဆောင်ရွက်ခဲ့ပြီး ၃ ပွဲကိုင်တွယ်ပေးခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်မှာတော့ ကာရစ်ဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့မှာ နည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ် တရားဝင်စတင်ခန့်အပ်ခံခဲ့ရပါတယ်။ ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ မစ်ဒယ်ဘရော့အတွက် ပြိုင်ပွဲစုံ ၁၃၆ ပွဲကိုင်တွယ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လမှာတော့ ရာထူးမှထုတ်ပယ်ခံခဲ့ရတာကြောင့် ယခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ မစ်ဒယ်ဘရော့နည်းပြဘဝမှာ ကာရစ်ဟာ ၆၃ ပွဲအထိနိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၄ ပွဲသရေကျကာ၊ ၄၉ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ သို့သော်လည်း ကာရစ်ဟာ မစ်ဒယ်ဘရော့ကို ပရီးမီးယာလိဂ်သို့တန်းတက်နိုင်ဖို့ အနီးစပ်ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သလို၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းစေခဲ့ပါတယ်။

ယခုအခါမှာတော့ သတင်းတွေအရ ဝုဗ်ဟာ ပြီးခဲ့တဲ့စနေနေ့က ဖူလ်ဟမ်ကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ရာထူးမှထုတ်ပယ်လိုက်တဲ့ နည်းပြချုပ် ဗစ်တာပါရဲယားရဲ့နေရာမှာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဂယ်ရီအိုနေးလ်နဲ့ ကာရစ်တို့ကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ဒါကြောင့် ကာရစ်အနေနဲ့ ပရီးမီးယားလိဂ်ကို နည်းပြဘဝနဲ့ ပြန်လည်ရောက်ရှိလာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။