The network connection is lost.

Banner Image

အကောင်းဆုံးပုံစံမှာ ရှိနေတယ်လို့ မခံစားမိကြောင်း ဂျိုတာ ထုတ်ဖော်ဝန်ခံ

ဒီယေဂိုဂျိုတာက မလိုလားအပ်တဲ့အရှုပ်အထွေးတွေနဲ့အတူ သူ့အတွက် ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်နေခဲ့ပြီး ရာသီမကုန်ခင် အကောင်းဆုံးပုံစံပြန်ရရှိဖို့အတွက် ကြိုးစားသွားမယ်လို့ အတိအလင်းထုတ်ဖော်ပြောဆိုပါတယ်။ လီဗာပူးတိုက်စစ်မှူးက ဒဏ်ရာပြဿနာကြောင့် အခုရာသီ၊ ပွဲစဉ် ၁၅ ခုကို လွဲချော်ခဲ့ပြီး သူ့ရဲ့ကြံ့ခိုင်မှုကို ကာလရှည်ထိန်းထားနိုင်ဖို့ ကလပ်အသင်းဆေးဘက်ဆိုင်ရာဌာနအနေဖြင့် ဂရုတစိုက်ကိုင်တွယ်ခဲ့ရပါတယ်။

စိတ်ရှုပ်စရာဒဏ်ရာပြဿနာဆိုတာ ဂျိုတာရဲ့အန်ဖီးလ်ကစားသမားဘဝအတွက် ဆောင်ပုဒ်တစ်ခုလိုဖြစ်ခဲ့ပြီး ပွဲကစားချိန်ရရှိဖို့နဲ့ အရှိန်အဟုန်ကောင်းဖန်တီးနိုင်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့အဆုံးသတ်စွမ်းရည်တွေက လက်နက်ကောင်းတစ်ခုဖြစ်ပေမယ့် လီဗာပူးအနေဖြင့် ဒီလက်နက်ကောင်းကို မကြာခဏဆိုသလို ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ဂျိုတာကလည်း နောက်ထပ်ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ အိမ်ကွင်းမှာရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဂျိုတာက “ ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အတွက်တော့ ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်ပါတယ်။ အခုဘောလုံးရာသီတလျှောက်လုံးမှာလည်း ကျွန်တော့်အတွက် ရှုပ်ထွေးမှုအနည်းငယ်ရှိခဲ့ပါတယ်။ဒီနောက်ဆုံးနှစ်လတာအချိန်က အရေးအကြီးဆုံးကာလတွေဖြစ်ပြီး အရာရာတိုင်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံမှာရှိနေပြီလို့ မခံစားမိပါဘူး။ ဒါပေမယ့် ပွဲတွေဆက်ကစားနေရင်းနဲ့ အကောင်းဆုံးပုံစံကို ရရှိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံပြန်ရရှိဖို့ အမြဲတမ်းကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

အသက်-၂၈ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ၁၃၅၁ မိနစ် ကစားပေးခဲ့ပြီး အကောင်းဆုံးပုံစံရရှိခဲ့တဲ့နောက်ဆုံးအချိန်ကို သူ့ဆီ မေးမြန်းလာခဲ့ကြပါတယ်။ ဂျိုတာက “ ကျွန်တော်လည်း မသိပါဘူး။ တခါတလေ ခြေစွမ်းဆိုးဝါးနိုင်သလို တခါတလေတော့လည်း ခြေစွမ်းပိုင်းကောင်းမွန်နေတက်ပါတယ်။ အခုခင်ဗျားတို့ပြောနေတဲ့ပုံစံက ကိုယ့်မှာ ပွဲကစားချိန်အရေအတွက် တစ်ခုအထိရှိနေတဲ့အခိုက်အတန့်မျိုး ဖြစ်ပါတယ်။

အဆုံးမှာတော့ အသင်းအတွက် ဆက်ပြီးအကျိုးပြုနိုင်ဖို့ကသာ အရေးအကြီးဆုံးအရာဖြစ်မယ်လို့ ထင်ပါတယ်။ တခါတလေ ကိန်းဂဏန်းအချက်အလက်တွေသာမက ကိုယ့်အသင်းဖော်တွေနဲ့ နားလည်မှုအပိုင်းကလည်း အရေးကြီးပါတယ်။ အသင်းခံစစ်ပိုင်းအတွက် ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ အသင်းအနိုင်ရရှိအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာတွေပေါ့။ ဒါတွေကိုပဲ ကွင်းတွင်းမှာကစားခွင့်ရရှိချိန်တိုင်း ကျွန်တော် ကြိုးစားပေးနေခဲ့ပါတယ်။

တိုက်စစ်မှူးတစ်ဦးအဖြစ် သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်ချင်သလို အခွင့်အရေးကောင်းတွေလည်း ဖန်တီးချင်ပါတယ်။ ပွဲစဉ်တိုင်းက အခုလိုမျိုးစွမ်းဆောင်ရည်ပြသနိုင်ဖို့အတွက် အခွင့်အလမ်းသစ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဂျိုတာက အခုဘောလုံးရာသီမှာ ရှစ်ဂိုးသွင်း၊ သုံးကြိမ် ဂိုးဖန်တီးပေးထားပါတယ်။